ကြို့ပင်ကောက်မြို့နယ်အတွင်း လူငယ်များကိုပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ကြို့ပင်ကောက်မြို့နယ်အတွင်း လူငယ်များကိုပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း လူငယ်များကို ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကြောင်းထိုး တိုက်ခိုက်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) Black Dragon GBK-PDF အဖွဲ့ထံမှ သိရသည်။

လူငယ်များအားပေါ်တာဆွဲရန် ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာက ပျူစောထီးများထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်နေသည်ဟု သတင်းရ၍ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့ နံနက် (၂)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသွားရောက် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ခိုက်ခံရပြီးတော့ စစ်သားတွေ ပြန်ဆုတ်သွားတယ် ၊ ပေါ်တာမဆွဲတော့ဘဲ ဒဏ်ရာတွေနဲ့ အလောင်းတွေ ပြန်သယ်သွားတယ် ၊ ၂ ယောက်သေတယ်ကြားတယ် သတင်းအုပ်ထားတော့ တိတိကျကျ မသိရဖြစ်နေတာ။” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ် ကြေရာကြေကြောင်းဘုရားအနီးသို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) မှ သွားရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency