တောင်သာမြို့မှ စီးပွားရေးဘဏ်ကို မန္တလေးပြောင်းပြီး အထပ်မြင့်တိုက်များတွင် စစ်ကောင်စီတပ်စွဲ  

တောင်သာမြို့မှ စီးပွားရေးဘဏ်ကို မန္တလေးပြောင်းပြီး အထပ်မြင့်တိုက်များတွင် စစ်ကောင်စီတပ်စွဲ  

မန္တလေးတိုင်း တောင်သာမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်ကို မန္တလေးသို့ပြောင်းလိုက်ပြီး စစ်ကောင်စီတပ်သားများ အထက်မြင့်တိုက်များတွင် နေရာယူထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် တော်လှန်ရေးတပ်များသည် တောင်သာမြို့ရဲစခန်း၊ တောင်သာ-မိတ္ထီလာလမ်းမရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) အမှတ်(၁၀) ချည်မျှင်နှင့် အထည်စက်ရုံ၊ ဘုရားလှပျူရွာ၊ မြင်းခြံ-တောင်သာမြို့နယ်ကြား သံမဏိစက်ရုံတို့ကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ယင်းသို့လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

"မြို့ပေါ် ပြည်သူအချို့တော့ ရှောင်နေကြပါတယ်။ စကစ အင်အားတွေကတော့ အထပ်မြင့်တိုက်အချို့မှာ နေရာယူထားကြတယ်။ မြန်မာ့စီးပွားရေးဘဏ်ကတော့ မန္တလေးရွှေ့သွားပါပြီ။ မြို့အဝင်အထွက်ဂိတ်တွေ စစ်ဆေးတင်းကြပ်ထားပါတယ်။"ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာက Tachileik News Agency ကိုပြောသည်။ 

တောင်သာမြို့နယ် အရှေ့ဘက်ခြမ်း လှည်းကူးမအုပ်စု ပြသာဒ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်က ဩဂုတ်လ(၁၁)ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ရာ ကျောင်းဆောင်(၃)ဆောင် ပျက်စီးသွားသည်ဟု သိရသည်။

မြို့အနောက်ဘက် ဘုရားလှကျေးရွာအနီးကိုလည်း ယမန်နေ့က လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲရာ ယာခင်းများအတွင်းသို့ကျပြီး လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

ယမန်နေ့တိုက်ပွဲတွင် မြို့အဝင် ဟိန်းဆီဆိုင်အနီးတွင် ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ မြင်းခြံအမှတ်(၂)ရပ်ကွက်မှ ကိုအောင်ချစ်မိုးနှင့် မြို့သစ်မှ ကိုဖိုးထွန်းတို့ ဒဏ်ရာရရှိသည်ဟု သိရသည်။ 

​တောင်သာမြို့နယ် တိုက်ပွဲမှာ ပြင်းထန်​နေသဖြင့် စစ်​ကောင်စီတပ်က​ လေ​ကြောင်းမှ (၃)ကြိမ်ထက်မနည်း ပစ်ကူ​ပေး​ရာ စစ်ကောင်စီ၏ အထည်ချုပ်စက်ရုံလည်း မီးလောင်သည်ဟု သိရသည်။ 

ထို့ကြောင့် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ - တောင်သာလမ်းပိုင်းများအား လက်ရှိတွင် ဖြတ်သန်းသွားလာခြင်း မပြုကြရန် တော်လှန်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency