ကျည်လွဲအဆောင် ရှိသည်ဟုဆိုကာ ကျည်ကာဝတ်ပြီး ပတ်သွားနေသည့် အုပ်ကြီး သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ခံရ၍ သေဆုံးသွား

ကျည်လွဲအဆောင် ရှိသည်ဟုဆိုကာ ကျည်ကာဝတ်ပြီး ပတ်သွားနေသည့် အုပ်ကြီး သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ခံရ၍ သေဆုံးသွား

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း ဘွတ်စိန်ဘုကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး စစ်မှူထမ်းဟောင်းလည်း ဖြစ်သူ ညွှန့်မြိုင်ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့က ယနေ့  ၂၀၂၄ ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ရာ သေနတ်နှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ထံမှ သိရသည်။

ဘွတ်စိန်ဘုရွာထိပ် တံတားအနီး၌ ဆိုင်ကယ်စီးလာသည့် အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်အား  သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲဘော်များက သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ရာ နေရာတွင်ပင် ပွဲရှင်းပြီး သေဆုံးသည်ဟု သိရသည်။

၎င်းထံမှ သေနတ်အတို တစ်လက်၊ လက်ပစ်ဗုံး(၂)လုံး၊ ကျည်(၁၆)တောင့်၊ လေးခွတစ်လက်၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ဆိုင်ကယ်တစ်စီး၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ငွေသား(၁၂၅,၀၀၀)ကျပ်၊ မှတ်ပုံတင် တစ်ခု၊ စစ်မှုထမ်းဟောင်း ပင်စင်ငွေထုတ်ကတ်တစ်ခုတို့အား သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ညွှန့်မြိုင်သည် ကျည်လွဲအဆောင် ရှိသူဟု နံမည်ကြီးနေသည့် စစ်မှုထမ်းဟောင်း စစ်ကောင်စီ ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်း သတင်းပို့ခြင်း၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်သည်ဟု သိရသည်။

ယင်းကိစ္စရပ်များကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ၎င်းမအား သတိပေး ပစ်ခတ်ခဲ့မှုကြောင့် တာဝန်မှ နှုတ်ထွက်သည်ဟု သတင်းလွှင့်ပြီး ယခင်ကထက် ပြည်သူများအပေါ် ပိုမိုဖိနှိပ်လာသလို လက်နက်ကိုင် ရမ်းကားလာသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။