ရေစကြိုမြို့နယ် ဟင်္သာပျူကျေးရွာမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ကြားဖြတ်တိုက်ခိုက်

ရေစကြိုမြို့နယ် ဟင်္သာပျူကျေးရွာမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဟင်္သာပျူကျေးရွာမှထွက်လာသည့် စစ်တပ်နှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဟင်္သာပျူကျေးရွာမှထွက်လာသည့် အင်အား (၆၀) ခန့်ပါရှိသည့် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းအား ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ရှစ်နာရီခွဲခန့်တွင် ကိုရင့်ကျေးရွာနှင့် ကိုရင့်ကျွန်း ကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်များမှာ ကာဘိုင်ကျည် (၂၀၀)၊ ကာဘိုင်ကျည် (၂)ဘောက် ၊ ၄၀မမ ဗုံးသီး တစ်လုံး ၊ G3 ကျည်ဘောက် တစ်ဘောက် ၊ Ak ကျည် (၂)ဘောက် ၊ ၇.၆၂မမ ကျည် (၂၀) တို့ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ ဟင်္သာပျူကျေးရွာထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့ကလည်း ရေစကြိုမြို့နယ်ရှိ ပခုက္ကူတပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၅၈) တပ်ရင်းရှိ စစ်ဆေးရေးဂိတ်အား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၉)တို့ ပူးပေါင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency