သန်းခေါင်စာရင်း ကောက်ယူရေးအတွက် UNFPA နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး စစ်ကောင်စီမှ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေ

သန်းခေါင်စာရင်း ကောက်ယူရေးအတွက် UNFPA နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး စစ်ကောင်စီမှ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေ
ဇူလိုင် 29, 2024 | 2021 Military Coup

စစ်ကောင်စီက ပြင်ဆင်နေသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်မှ ရွေးကောက်ပွဲ လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်ကောင်စီက ပြင်ဆင်နေသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် စစ်ကောင်စီ လဝက ဝန်ကြီးတို့ ဇူလိုင်လ (၁၆) ရက်နေ့က တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) သည် စစ်ကောင်စီကောက်ယူမည့် သန်းခေါင်စာရင်းကိစ္စအား ကူညီပေးမည် မဟုတ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း BACS ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံများဖြစ်သည့် ကြံခိုင်ရေးပါတီ ၊ ပြည်သူ့ပါတီ ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကိုယ်စားလှယ်များသည် ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၇)ရက်နေ့အထိ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း သိရသည်။



 

လေ့လာရေးခရီးသွားရောက်စဉ် တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် တွေ့ဆုံကာ ပါတီခြင်းဆက်ဆံရေးများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လလယ် ရက်သတ္တပတ်အတွင်း စစ်ကောင်စီလက်အောက်ခံများမှ သန်းခေါင်စာရင်းဆိုင်ရာ လှုပ်ရှားမှု (၁၈)ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါလှုပ်ရှားမှုများတွင် ဟောပြောပွဲများ ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများနှင့် နိုင်ငံတကာတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ခြင်းတို့ပါဝင်ကြောင်း BACS အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် MEVM မဲပေးစက် စမ်းသပ်မှု (၁)ကြိမ်၊ နိုင်ငံရေးပါတီများဆိုင်ရာလှုပ်ရှားမှု (၁) ကြိမ်နှင့် မဲဆန္ဒရှင်စာရင်းဆိုင်ရာ လှုပ်ရှားမှု (၁) ကြိမ်တို့ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း BACS အဖွဲ့ထံမှ သိရသည်။

MEVM မဲပေးစက် စမ်းသပ်ခြင်းကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွင် လုပ်ဆောင်ခဲ့ပြီး ဗဟိုအမှုဆောင် အဖွဲ့ဝင်များနှင့် ဝန်ထမ်း (၅၅) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

BACS အနေနှင့် နိုင်ငံရေးပါတီ (၆၀) ခု၏ Facebook စာမျက်နှာ (၃၉၀) ခုအား လေ့လာစောင့်ကြည့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ (USDP)၊ ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) နှင့် ပြည့်သူ့ပါတီ (PP)တို့၏ လှုပ်ရှားမှုများကိုသာ တွေ့ရှိခဲ့ရပြီး အခြားပါတီများသည် လှုပ်ရှားမှုများကို မတင်ဘဲ အခြားအကြောင်းအရာကိုသာ တင်ခဲ့ကြောင်း သိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo:Burma Affairs & Conflict Study