ရန်ကုန်-မန္တလေးလမ်းဟောင်း မြစ်ရေကျော်သဖြင့် ကားများသွားမရ

ရန်ကုန်-မန္တလေးလမ်းဟောင်း မြစ်ရေကျော်သဖြင့် ကားများသွားမရ

ပဲခူးတိုင်း ပဲခူးမြို့ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် ရေ(၃)ပေခန့် မြင့်တက်နေခြင်းကြောင့် ကားများသွားမရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က စတင်ကာ ရန်ကုန်-မန္တလေးလမ်းဟောင်း ရေကျော်နေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် လမ်းပေါ်၌ ရေ(၃)ပေခန့် မြင့်တက်နေပြီး ပဲခူးဘက်မှလာပါက မဇင်(၁)လမ်းမှစတင်သွားလာ၍ မရတော့သည့် အခြေအနေဖြစ်သည်ဟု သိရသည်။

“မဇင်(၁)လမ်းကနေ စသွားမရတော့ဘူး။ မနှစ်ကလောက် လမ်းပေါ်ရေတက်နေတယ်။ ရန်ကုန်ဘက်ကဆို တိုး ဂိတ်ပိတ်ထားလိုက်ပြီ။ စက်မှုဇုန်ဘက်ကပတ်လာမှ ရတယ်။”ဟု ဒေသခံတစ် ဦးက Tachileik News Agency ကိုပြောသည်။

လမ်းဟောင်းရေတက်နေသော်လည်း အမြန်လမ်းသစ်ဘက်တွင် ရေတက်ခြင်းမရှိ၍ လမ်းသစ်ဘက်မှ သွားလာနိုင်ကာ မြစ်ရေသည် အနိမ့်ပိုင်းရပ်ကွက်များကိုမူ ပြီးခဲ့သည့်(၂)ရက်ဝန်းကျင်ကစတင်၍ ဝင်ရောက်နေပြီဟု ဆိုသည်။

“တခြားနေရာက အနိမ့်ပိုင်း ကျောက်ကြီးစုကတော့ လူတရပ်ရှိပြီ။ အဲဒါကို ရေမကျော်အောင်လည်း သဲအိတ်တွေ ကာထားတယ်။ ညောင်ဝိုင်းဘက်က မနှစ်ကရေဝင်တဲ့ (၁၉)လမ်းမှာ မနေ့ကရော၊ ဒီနေ့ရော သဲအိတ်နဲ့ ထပ်ကာနေတယ်။ မနေ့ကထက်လည်း ချောင်းရေတက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ကြီးစု ကျောင်းနားမှ ရေကျော်နေပြီး ကြခတ်ဝိုင်းဘက်သို့ ရေများစီးဝင်နေခြင်းကြောင့် ရေမကျော်စေရန် ကျောက်ကြီးစုဘက်တွင် သဲအိတ်များဖြင့် ကာရံနေကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ