ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားတစ်စီး တိုက်ခိုက်ခံရ

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားတစ်စီး တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါသည့် ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေါနစစ်ကြောင်း ၊ ဒေါနတပ်ခွဲ (၇) ထံမှ သိရသည်။

ရေဖြူမြို့နယ် ကံပေါက် မောရဝတီရေတပ်ဘက်မှ ကလိန်အောင်ဘက်သို့ ထွက်ခွာလာသည့် ရေတပ်အရာရှိ နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တို့ လိုက်ပါလာသည့် Prado ကားတစ်စီးအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက် (၃)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီးနောက် (၁၅)မိနစ်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားသည် မြောင်းထဲထိုးကျသွားခဲ့ပြီး အရာရှိ (၁)ဦးနှင့် တပ်ကြပ်ကြီး (၁)ဦး သေဆုံးကာ ၊ ကျန်ရှိသည့် စစ်သား (၂)ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနတပ်ခွဲ (၇) မှ ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ကံပေါက်ဒေသဘက်မှ စစ်ကားကြီး (၂)စီးဖြင့် အင်အား (၆၀)ခန့် စစ်ကူလိုက်ပါလာပြီး ၊ ကံပေါက်ရေကန်တောင်ပေါ်မှလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ဒေါနချေမှုန်းရေးတပ်ခွဲ-၇ (DDTတပ်ခွဲ)၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ KawThooLei Army နှင့် ရွှေဘီလုံးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သည် ပြည်သူကားများကို အသုံးပြု၍ သွားလာနေသဖြင့် ရေး-ထားဝယ်  ကားလမ်းမကြီးပေါ်တွင် ညနေ (၆) နာရီမှ မနက် (၆) နာရီအတွင်း ခရီးသွားလာခြင်းမပြုရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် စစ်ရေးအသိဖြင့် ခရီးသွားလာကြပါရန် ဒေါနတပ်ခွဲ (၇)မှ အသိပေးထားသည်။

#TachileikNewsAgency