စစ်ကောင်စီက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်တို့အပါ ၄ ဦးကို ကွပ်မျက်မှု ၂နှစ်ပြည့် အနေဖြင့် အမေရိကန်သံရုံးဝန်းအတွင်း အောက်မေ့ဖွယ်အမှတ်အသား ပြုလုပ်ထား

စစ်ကောင်စီက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်တို့အပါ ၄ ဦးကို ကွပ်မျက်မှု ၂နှစ်ပြည့် အနေဖြင့် အမေရိကန်သံရုံးဝန်းအတွင်း အောက်မေ့ဖွယ်အမှတ်အသား ပြုလုပ်ထား
ဇူလိုင် 23, 2024 | 2021 Military Coup

စစ်ကောင်စီက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်မှု (၂)နှစ်ပြည့်အနေဖြင့် အမေရိကန်သံရုံးဝန်းအတွင်း အောက်မေ့ဖွယ် အမှတ်အသား ပြုလုပ်ထားကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် ၄င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြသည်။

အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရ အထိမ်းအမှတ်နေရာတွင် ယနေ့အထိ ကျောက်တုံးပေါင်း (၅,၄၀၀)နီးပါးကို ထားရှိခဲ့ပြီး ဖြစ်သည်ဟု အမေရိကန်သံရုံးရန်ကုန်က ဆိုသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောကရောက်ရသည်ဟုလည်း အမေရိကန်သံရုံးရန်ကုန်က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီက ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်(ခ)မောင်ကျော်တို့ကို  ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့ပြီးနောက် ၎င်းတို့အပါအဝင် (၄)ဦးကို သေဒဏ်ကြိုးပေးခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: U.S. Embassy Rangoon