ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ ပြည်သူနေအိမ် (၁၅၆)လုံးကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် နားခိုက်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း PNLA ၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များ လုယက်ယူဆောင်သွားခဲ့သည့် ပစ္စည်းများမှာ စာရင်းကောက်ယူနိုင်မှုအရ ကား (၄)စီး၊ ဆိုင်ကယ် (၂၈)စီး ၊ ကုန်စုံဆိုင် (၄)ဆိုင်၊ ဘုရားကြေးဆင်းတုတော် (၁၅)ဆူ၊ ဖုန်း (၁၄)လုံး၊ Power Bank (၂၆)လုံး ၊ ရွှေ (၁၀)ကျပ်သားနှင့် ငွေသား (၃၄၀) သိန်းတို့ ပါဝင်ကြောင်း PNLA မှ ဆိုသည်။
စစ်ကောင်စီလက်အောက်ခံများ၏ နားခိုက်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုအတွင်း နေအိမ် (၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၊ ဒေသခံ (၃)ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။
နားခိုက်ကျေးရွာသည် ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တည်ရှိပြီး အိမ်ခြေ (၃၅၀) ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ကာ (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ပြီး ယခင် ဧပြီလတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ပထမအကြိမ် မီးဝင်ရှို့ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: PNLA News & Information Department