ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များမှ စစ်ကောင်စီနှင့် မိသားစုဝင် (၁၀၀) ကျော်အား စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၁)ထံမှ သိရသည်။
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကယ်ဆယ်ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၁၀၀)ကျော်ထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် (၃၀) ဦးလည်း ပါဝင်ပြီး ၎င်းတို့ကို ချင်းညီနောင်နှင့် မဟာမိတ်များမှ ကျွေးမွေးပြုစုထားကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များထဲတွင် တောထဲသို့ ထွက်ပြေးစဉ် လမ်းခရီးတွင် ခရီးလမ်းကြမ်းတမ်းမှု ၊ မိုးဒဏ် ၊ လေဒဏ်နှင့် အစာငတ်ဒဏ်များ ခံစားခဲ့ရပြီး ၊ မိသားစုဝင်အားလုံးကို ဆုံးရှုံးခဲ့ရသည့် ကလေးငယ်များလည် ပါဝင်ကြောင်း ချင်းညီနောင်မှ ဆိုသည်။
စစ်သုံ့ပန်းအများစုသည် ခြေလက်သဲဝဲစားရောဂါကို ခံစားနေရပြီး ချင်းညီနောင်နှင့် မဟာမိတ်တပ် ဆေးတပ်ဖွဲ့ဝင်များမှ ဆေးဝါးကုသပေးလျှက်ရှိကြောင်း သိရသည်။
မတူပီမြို့ကို ဇွန်လ (၂၉)ရက်နေ့တွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များမှ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ တပ်မဟာ (၁)မှ မတူပီမြို့လုံခြုံရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းတော်လှန်ရေးအဖွဲ့များဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်သည်။
#TachileikNewsAgency
Video : Chinland Defense Force Matupi - Brigade 1