လားရှိုးမြို့အဝင်တပ်များကို MNDAA ပိတ်ဆို့တိုက်ခိုက်

လားရှိုးမြို့အဝင်တပ်များကို MNDAA ပိတ်ဆို့တိုက်ခိုက်
ဇူလိုင် 19, 2024 | 2021 Military Coup| ရှမ်းမြောက်

အရှေ့မြောက်တိုင်စစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်ရှိ စစ်ကောင်စီ၏ ခလရ(၄၁)တပ်နှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်အများဆုံးနေထိုင်သည့် ဆုန်ကွယ်ရွာအနီးရှိ ဝန်တင်တပ်ရင်းတို့တွင် တိုက်ပွဲဖြစ်နေပြီး ခလရ (၄၁) မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် သီပေါမြို့အထွက် လားရှိုးမုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ ခလရ(၄၁)တပ်နှင့် ဆုန်ကွယ်ရွာအနီး အေတီတံတားရှိ ဝန်တင်တပ်ရင်းတို့ကို MNDAA တပ်များက တပြိုင်တည်း မြို့အရှေ့၊ အနောက် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

“စစ်တပ်က မြို့အဝင်မုဒ်ဦးမှာလည်းရှိတယ်။ ဆုန်ကွယ်ရွာကိုဝင်ရင်လည်း စစ်တပ်တစ်ခုရှိတယ်။ ဆုန်ကွယ်ရွာကိုဝင်လိုက်ပြီဆိုတာနဲ့ ယာဘက်ကစစ်တပ်၊ ဘယ်ဘက်က တက္ကသိုလ်ရှိတယ်။ ခလရ(၄၁)နဲ့ ဆုန်ကွယ်က ဝန်တင်တပ်ကို ရှေ့၊ နောက်တပြိုင်တည်းဝင်တိုက်တာ။ ဝန်တင်တပ်ကို အေတီတပ်လို့ လည်းခေါ်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ဆုန်ကွယ်ရွာအနီးရှိ ဝန်တင်တပ်ကို ဟိုပတ်-သိန္နီ-မူဆယ်မှဆင်းလာသည့် MNDAA တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး လားရှိုးမုဒ်ဦးရှိ ခလရ(၄၁)တပ်ကို သီပေါ-ကျောက်မဲဖက်မှ တက်လာသည့် တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အေတီတံတားမှာဖြစ်ကြတယ်လို့လည်းပြောတယ်။ အေတီတံတားဆိုတာ လားရှိုးကြီးကနေ ဟိုပိတ်-ဆုန်ကွယ်သွားတဲ့ လမ်းပေါ်မှာရှိတဲ့တံတား။ အေတီတံတားဆင်းလိုက်တာနဲ့ စစ်ကောင်စီတပ်ဂိတ်လည်းရှိတယ်။ ဝန်တင်တပ်က ခလရ(၆၈)တပ်နဲ့လည်း သိပ်မဝေးဘူး။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ခလရ(၄၁)တပ်သည် သီပေါမှလာပါက လားရှိုးအဝင်တွင်ရှိပြီး၊ ဝန်တင်တပ်မှာ သိန္နီ-မူဆယ်ဘက်မှလာပါက လားရှိုးအဝင်တွင်ရှိပြီး လားရှိုးတိုက်ပွဲ အခြေအနေကြောင့် ယမန်နေ့ ညနေ(၃)နာရီဝန်းကျင်က စတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်သွားပြီ ဖြစ်သည်ဟု သိရသည်။

“ခလရ (၄၁)တပ်က အရင်တုန်းကတော့ မြို့ပြင်မှာပေါ့။ ဝန်တင်တပ်လည်း အတူတူပဲ။ အခုကတော့ ကွက်သစ်တွေရိုက်တဲ့အခါကျတော့ မြို့ထဲမှာလိုဖြစ်သွားပြီ။ မြို့ထဲနဲ့သိပ်မဝေးတော့ဘူး။ မြို့ထဲနဲ့ တဆက်တည်းဖြစ်သွားပြီ။ ရှမ်းကုန်းမှာက စစ်မှုထမ်းဟောင်းတွေအများအားဖြင့်နေတယ်။ အရပ်သားတွေနဲ့ ရှမ်းလူမျိုးတွေလည်းနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက် လားရှိုးမြို့နယ်တိုက်ပွဲသည် လားရှိုးမြို့ပေါ်သို့ လက်နက်ကြီး(၆)လုံး ကျရောက်ပေါက်ကွဲသည်ဟု သိရပြီး လူအထိအခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးပါ။

ပြီးခဲ့သည့် ဇူလိုင်လ(၂)ရက်နေ့ကစတင်ကာ လားရှိုးမြို့အနီးရှိ လားရှိုး-မိုင်းယော်လမ်း မိုင်းတင်တပ်စခန်း၊ လားရှိုး-သီပေါလမ်း မန်စံရေကျတပ်စခန်း၊ လားရှိုး-မိုင်းရယ်လမ်းရှိ နမ့်ပေါင်တပ်စခန်း၊ လားရှိုး-နမ္မတူလမ်းရှိ ညောင်ကုန်းတပ်စခန်းတို့ကို MNDAA က တိုက်ခိုက်ခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ရှိ အမြောက်တပ်၊ ဆင်တောင်၊ ခလရ (၄၁)တပ်၊ ခလရ (၆၈)တပ်စခန်းတို့က လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ (၂၄)ရက်အတွင်း လေကြောင်းနှင့် လက်နက်ကြီးများကြောင့် အရပ်သားစုစုပေါင်း (၉၄)ဦး သေဆုံးပြီး (၁၃၁)ဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

#TachileikNewsAgency