မန္တလေး PDF တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မန္တလေး PDF တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်က တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား(၂)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက ဖမ်းဆီးရမိသည်ဟု သိရသည်။

မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်က တိုက်ခိုက်နေရာ တံငါရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အင်အား(၈၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်အား ရွှေဘိုခရိုင်တပ်များက ထပ်မံတိုက်ခိုက်ရာ တပ်သား(၂)ဦးအား ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ကတိုက်ပွဲဖြစ်ပြီးတော့ သူတို့တွေ ဆုတ်ခွာတဲ့အချိန်မှာ ကျန်ခဲ့တာ။ ကျွန်တော်တို့ သေနတ်(၂)လက်နဲ့အတူ ဖမ်းဆီးရမိတာပါ။”ဟု ရွှေဘို ခရိုင်အမှတ်(၁၈)တပ်ရင်းမှ ဗိုလ်စွန်ရဲကပြောသည်။

မတ္တရာမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း ဖြတ်တောက်ရေးတပ်ဖွဲ့ နှင့် နယ်မြေခံပကဖများက လမ်းမှဖြတ်တောက်တိုက်ခိုက်ရာ ရမည်းသင်းမြို့နယ် အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ကြပ်တစ်ဦးနှင့် ပခုက္ကူမြို့နယ် အမှတ်(၂၅၁)တပ်ရင်းမှ တပ်သားတစ်ဦးတို့ကို ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သားများ ကဆင့်ကလျား ထွက်ပြေးသည်ဟုဆိုသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား (၂)ဦးထံမှ MA-11 သေနတ် တစ်လက်၊ G-‌3 သေနတ်တစ်လက်၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတစ်ခု သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

“တိုက်ပွဲဖြစ်တာ စစ်ကောင်စီတပ်သားတွေ ကျည်ကုန်လို့ထွက်ပြေးရင်း မိတာ။ ရွာတွေကို ဝင်ပြီးမီးရှို့ တယ်။ အထက်အရာရှိက မီးရှို့ခိုင်းတာ။ နှစ်ရွာကို မီးရှို့ခဲ့တယ်။”ဟု ပခုက္ကူမြို့နယ် အမှတ်(၂၅၁)တပ် ရင်းမှ တပ်သားက ဝန်ခံသည်။

ရမည်းသင်းမြို့နယ် အမှတ် (၃)စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ကြပ်မှာ လုပ်သက် (၁၅)နှစ်ရှိပြီဖြစ်ပြီး ယခုမတ္တရာမြို့နယ်သို့ တစ်ကြိမ်သာ ရှေ့တန်းထွက်ဖူးပြီး ပခုက္ကူမြို့နယ် အမှတ် (၂၅၁)တပ်ရင်းမှ တပ်သားတစ်ဦးမှာ လုပ်သက်(၉)လရှိပြီဟု ဆိုသည်။

လုပ်သက်(၉)လတွင် (၆)လကြာသင်တန်းဆင်းပြီးနောက် ပေါက်မြို့နယ်၊ ချင်းပြည်နယ်နှင့် မတ္တရာမြို့ နယ်ဘက်သို့ (၃)ကြိမ် ရှေ့တန်းထွက်ဖူးသည်ဟု သိရသည်။ 

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ မြောက်တံငါစစ်ကောင်စီတပ်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြောက်တံငါစစ်ကောင်စီတပ်စခန်းအပြင် မတ္တရာမြို့နယ် Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် လက်နက်ငယ်(၁၂)လက်ခန့်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအရေအတွက် (၂၈)ခုအထိ သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency