သိန္နီမြို့မဈေးကို စစ်ကောင်စီဗုံးကြဲခြင်းကြောင့် SNLD ပါတီစည်းရုံးရေးမှူးအပါ ၁၀ ဦးဝန်းကျင်သေဆုံး

သိန္နီမြို့မဈေးကို စစ်ကောင်စီဗုံးကြဲခြင်းကြောင့် SNLD ပါတီစည်းရုံးရေးမှူးအပါ ၁၀ ဦးဝန်းကျင်သေဆုံး
ဇူလိုင် 19, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မြို့မဈေးကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ညနေပိုင်းက ဗုံးကြဲဖျက်ဆီးရာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(SNLD)ပါတီမှ ပါတီစည်းရုံးရေးမှူးအပါအဝင် သေဆုံးနှင့် ဒဏ်ရာရသူ(၃၀)ဦးဝန်းကျင်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သိန္နီမြို့မဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး(၂)ဦး အပါအဝင် အရပ်သား (၁၀)ဦး ဝန်းကျင်သေဆုံးပြီး၊ (၂၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများထဲတွင် SNLD ပါတီမှ အသက်(၅၅)နှစ်အရွယ် ပါတီစည်းရုံးရေးမှူး စိုင်းထွန်းကြည်လည်း သေဆုံးခဲ့ရသည်ဟု သိရသည်။

၎င်းသေဆုံးရသည့်အကြောင်းနှင့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို SNLD ပါတီက ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

သိန္နီမြို့ကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီဗုံးကြဲသဖြင့် ထိခိုက်သေဆုံးသူများမှာ အရပ်သားများသာဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုထားသည်ကို တွေ့ရသည်။

#TachileikNewsAgency