တုတ်များဖြင့် PDF ရဲဘော်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ကားသမားများကို ကလေးဝ PDF ဖမ်းဆီးထိန်းသိမ်းထား 

တုတ်များဖြင့် PDF ရဲဘော်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ကားသမားများကို ကလေးဝ PDF ဖမ်းဆီးထိန်းသိမ်းထား 

စစ်ကိုင်းတိုင်း ရေဦး-ကလေးဝ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်နေစဉ် ဖြတ်သန်းသည့် ကုန်တင်ယာဉ်မောင်းများက PDF ရဲဘော်တစ်ဦးကို ထိုးကြိတ်ရိုက်နှက်သဖြင့် ၎င်းတို့အား ယာယီဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကလေးဝ PDF ထံမှ သိရသည်။

ကလေးဝမြို့နယ်(မဟာမြိုင်ဒေသ) အောင်ချမ်းသာစစ်ကောင်စီစခန်းကို ကလေးဝမြို့နယ် PDF တပ်ရင်း၊ ပကဖ၊ မင်းကင်းမြို့နယ် PDF တပ်ရင်း (၁)၊ တပ်ရင်း (၄)၊ တပ်ရင်း (၅)၊ ပကဖ၊ KG Drone တပ်ဖွဲ့တို့က ဇွန်လဆန်းမှစတင်ကာ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က အင်အား(၁၀၀)ခန့် ထပ်မံပို့ဆောင်၍ လေကြောင်းပစ်ခတ်မှု (၆)ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စစ်ရေးလိုအပ်ချက်အရ အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းရှိရာလမ်းမကြီးနှင့် ကွင်းရှောင်လမ်းများအား တိုက်ပွဲဒေသအဖြစ်သတ်မှတ်၍ ၎င်းနေရာမှ စိတ်ချရသောအကွာအဝေးဖြစ်သည့် ပျဥ်းကိုင်းရွာနှင့် (၃)မိုင်ခန့်အကွာမှ ကားများကို ယာယီတားမြစ်ခဲ့သည်ဟု ဆိုသည်။ 

ယခုတိုက်ပွဲကာလသည် လနှင့်ချီကြာနိုင်ကြောင်းကိုလည်း ကနဦးရောက်ရှိလာသော ကားများအား ကြိုတင်အသိပေးခဲ့ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လ (၄)ရက်နေ့တွင် ကုန်တင်ကားများထဲမှ ကားအစီးရေ (၅၀)ခန့်သည် တားမြစ်ထားသည့်နေရာကို အတင်းကျော်ဖြတ်လာကြသဖြင့် တာဝန်ရှိသူများမှ နားလည်ရန်ဖြောင်းဖျပြောဆိုရှင်းပြ၍ နောက်သို့ပြန်လှည့်သွားခဲ့ကြသည်ဟု ဆိုသည်။

သို့သော်လည်း ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းပိုင်းတွင် ကုန်တင်ကားသမားတချို့မှဦးဆောင်၍ ကုန်တင်ကား အစီး(၈၀)ခန့်သည် တားမြစ်ထားသည့်နေရာကို ထပ်မံဖြတ်ကျော်ဝင်ရောက်လာရာ တာဝန်ရှိရဲဘော်များမှ အကြိမ်ကြိမ်ဖြောင်းဖျတားမြစ်သော်လည်း လက်မခံဘဲ အတင်းဖြတ်ကျော်ရန်ကြိုးစားသဖြင့် ရှေ့ဆုံးမှ အတင်းမောင်းဝင်လာသော ကား၏ဘီးအား သေနတ်နှင့်ပစ်ခတ်တားဆီးခဲ့ကြသည်ဟု ဆိုသည်။

“သူတို့အကြောင်းပြတာတော့ စရိတ်ပြတ်တာကြောင့်လို့ပြောပါတယ်။ ကားအစီးရာချီထဲကမှ အဲဒီလိုပြောကြတဲ့ ကားက (၁၀)စီးလောက်ပါပဲခင်ဗျ။ သက်ဆိုင်ရာတပ်က ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်တဲ့အချိန် ကျရင်တော့ ဘယ်သူတွေဆိုတာ ထုတ်ပြန်ပေးမှာပါ။ အခုက ဘယ်လိုအပြစ်ဒဏ်ပေးမယ်ဆိုတာကျ တပ်နဲ့ပဲဆိုင်တာမို့ပါ။ ကျွန်တော်သိရသလောက် သူတို့ရဲ့ ကားပိုင်တွေကိုယ်တိုင် အာမခံ ခံဝန်ချက်နဲ့ လွှတ်ပေးမယ်ထင်ပါတယ်။” ဟု ကလေးဝ PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် တာဝန်ကျရဲဘော် (၇)ဦးသာရှိပြီး ပစ်ခတ်သည်နှင့် ကားသမား (၆၀)ခန့်မှ သစ်သား တုတ်၊ သံတုတ်များနှင့် ရဲဘော်တစ်ဦးကို ဝိုင်းဝန်း ရိုက်နှက်ထိုးကြိတ်ခဲ့ကြပြီး ရဲဘော်များသည် လက်နက်အပြည့်အစုံ ပါသော်လည်း၎င်းတို့အား တုံပြန်ရိုက်နှက်ထိုးကြိတ်ခြင်း လုံးဝမပြုလုပ်ခဲ့ကြဘဲ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာပေးခဲ့သည်ဟု ဆိုသည်။

ကားသမားများကလည်း ဆက်လက်ခြိမ်းခြောက်ဆဲဆိုရန်ရှာသဖြင့် တပ်ရင်းတပ်ဖွဲ့အင်အားများကို ထပ်မံခေါ်ယူ၍ တားဆီးထိန်းသိမ်းခဲ့ရပြီး တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်များကိုချိုးဖောက်မှု၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသော ရဲဘော်များကို ရိုက်နှက်ထိုးကြိတ် ဆဲဆိုအကြမ်းဖက်မှုတို့ဖြင့် အဆိုပါ ကားသမားအဖွဲ့များထဲမှ ဦးဆောင်သူ(၁၃)ဦးကို ယာယီဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

“သူတို့ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်ခင်ဗျ။ အရေးယူမှုကတော့ တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်ရာနယ်မြေရဲ့  ကွပ်ကဲရေးခေါင်းဆောင်တွေ လုပ်မှာပါခင်ဗျ။ ရဲဘော်ကတော့ တုတ်ထိလို့ ခေါင်းနည်းနည်းပေါက်ပါတယ်။ မျက်နာမှာတော့ ထိုးကြိတ်ခံရတဲ့အတွက် ဖူးရောင်တာပေါ့ အဲဒီလောက်ပါပဲ။ သူတို့ထဲက တချို့က လေယာဥ်ခေါ်ပြီး ဗုံးချခိုင်းမယ်။ သွားခွင့်သာပေး စကစ တွေနဲ့တွေ့လည်း သူတို့ဖာသာ ပြေလည်အောင်ပြောသွားမယ်။ ဘာညာဆိုပြီး အော်ဟစ်ဆူပူကြတာမျိုးတော့ရှိပါတယ်။”ဟု ကလေးဝ PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြော သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ တချို့ဆုတ်ခွာသွားပြီဖြစ်သဖြင့် ပိတ်မိနေသောကားများကို အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မိုင်းရှင်းလင်းရေး၊ နယ်မြေလုံခြုံရေးကိုစ္စများ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

“တိုက်ပွဲက ဇွန်လဆန်းကတည်းက အခုထိပဲဗျ။ အခုလက်ရှိကတော့ စကစ တချို့က ရေဦး-ကလေးဝ လမ်းပေါ်က အောင်ချမ်းသာစခန်းမှာပဲ ခံစစ်ပြင်နေပါတယ်။”ဟု ကလေးဝ PDFမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

အဆိုပါလမ်းတွင် စစ်ကောင်စီတပ်များ ထောင်ထားခဲ့သော မိုင်အလုံးပေါင်း (၄၀)ကျော် ဖော်ထုတ်ရရှိပြီး ရှင်းလင်းမှုတွင် PDF ရဲဘော်များ၏ ဆိုင်ကယ်(၂)စီး၊ ထွန်စက်(၁)စီး၊ ကား(၁)စီး မိုင်းစထိမှန် ပျက်စီးမှုရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency