မုန်းနှင့် ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ၅၀၀၀ ကျော်ထွက်ပြေးနေရ

မုန်းနှင့် ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ၅၀၀၀ ကျော်ထွက်ပြေးနေရ
စက်တင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မုန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုနှင့်  လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ(၅၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ အဆိုပါတိုက်ခိုက်မှုများကြောင့် ရွှေကျင်မြို့နယ်မှ အရပ်သားတစ်ဦးဒဏ်ရာရကာ နေအိမ်တစ်လုံး ပျက်စီးပြီး မုန်းမြို့နယ် ကျေးရွာ(၈)ရွာမှ အရပ်သား(၅,၆၆၂)ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ(၃၀)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ခမရ(၂၀)သည် (၁၂၂)မမ လက်နက်ကြီးများဖြင့် အင်းဗလာကျေးရွာသို့ ပစ်ခတ်ခဲ့သည့်အပြင် ထန်းတပင်ရထားလမ်းကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် (၆၀)မမဖြင့် ချုံးအင်းရွာကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးကြောင့် ချုံအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ညားဖောလေးထူး၏ နေအိမ်ပျက်စီးခဲ့ရပြီး ညာဘက်လက်မောင်းတွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မုန်းမြို့နယ် သစ်ချဆိပ်ကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့်လာရောက်ပစ်ခတ်ခဲ့ရာ သစ်ချဆိပ်ကျေးရွာ၊ ဖိုးသောစုကျေးရွာ၊ မျက်ရဲကရင်ရွာ၊ မျက်ရဲဗမာရွာ၊ တိုင်ပင်ရွာ၊ ကျွန်းကုန်းရွာ၊ ဥသျှစ်ခင်ရွာ၊ ငလောက်တိုက်ရွာတို့မှ ဒေသခံ(၅,၆၆၂)ဦး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo :𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻