ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲနေသည့် နေရာများအား PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲနေသည့် နေရာများအား PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲနေသည့် နေရာများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Rocket နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၈) တပ်ရင်း YNRF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ထွေအုပ်ရုံး၊ ဗျာဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊ အောင်တော်မူ၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံးနှင့် စာသင်ကျောင်း တို့အား ဇူလိုင်လ (၉)ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ Drone ဗုံးသီး (၂၃)လုံး၊ လက်လုပ် ၁၀၀ မမ ဗုံးသီး (၈)လုံး၊ လက်လုပ် (၆၀) မမ ဗုံးသီး (၂၀)လုံးနှင့် Rocket (၁၀)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့ ဗျာဒိတ်ကုန်းအနီးတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကင်းထောက် တပ်စိတ်များနှင့် စစ်ကောင်စီတပ်များ မိနစ် (၂၀)ခန့်ကြာအောင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ထီးလင်းမြို့သို့ အားစမ်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၈) တပ်ရင်းYNRF အဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုကို  ဂန့်‌ဂေါ်ခရိုင် အမှတ် (၁၆၊၁၇၊၁၈)တပ်ရင်းများနှင့် ထီးလင်းမြို့နယ် ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency