PNLA စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာကို စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းများ လုယက်ယူဆောင်သွား

PNLA စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာကို စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းများ လုယက်ယူဆောင်သွား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ ပြည်သူနေအိမ် (၁၅၆)လုံးကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် နားခိုက်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း PNLA ၏  ယနေ့ထုတ်ပြန်ချက်အရသိရသည်။



 

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များ လုယက်ယူဆောင်သွားခဲ့သည့် ပစ္စည်းများမှာ စာရင်းကောက်ယူနိုင်မှုအရ ကား (၄)စီး၊ ဆိုင်ကယ် (၂၈)စီး ၊ ကုန်စုံဆိုင် (၄)ဆိုင်၊ ဘုရားကြေးဆင်းတုတော် (၁၅)ဆူ၊ ဖုန်း (၁၄)လုံး၊ Power Bank (၂၆)လုံး ၊ ရွှေ (၁၀)ကျပ်သားနှင့် ငွေသား (၃၄၀) သိန်းတို့ ပါဝင်ကြောင်း PNLA မှ ဆိုသည်။

စစ်ကောင်စီလက်အောက်ခံများ၏ နားခိုက်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုအတွင်း နေအိမ် (၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၊ ဒေသခံ (၃)ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

နားခိုက်ကျေးရွာသည် ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တည်ရှိပြီး အိမ်ခြေ (၃၅၀) ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ကာ (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ပြီး ယခင် ဧပြီလတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ပထမအကြိမ် မီးဝင်ရှို့ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Information Department