သံတွဲမြို့ရှိ စစ်‌မှုထမ်းဟောင်းအိမ်ရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီးနောက် မှားကြဲမိကြောင်း ပြန်တောင်းပန်

သံတွဲမြို့ရှိ စစ်‌မှုထမ်းဟောင်းအိမ်ရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီးနောက် မှားကြဲမိကြောင်း ပြန်တောင်းပန်

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ စစ်‌မှုထမ်းဟောင်းအိမ်ရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီးနောက် မှားကြဲမိခြင်းဖြစ်ကြောင်း ပြန်တောင်းပန်ကြောင်းကို တပ်တွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

သံတွဲမြို့ အံတော်ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ ညပိုင်းက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"အံတော်က စစ်မှုထမ်းဟောင်းအိမ်ရာကို ဗုံးမှားကြဲတာ။ ဗုံးကြဲပြီးတော့မှ မှားကြဲတာလို့ လာပြောတယ်။ သေကုန်ရင် တာဝန်ယူမှာလည်း မဟုတ်ဘူး။"ဟု တပ်တွင်းသတင်းရင်းမြစ်က Tachileik News Agency ကို  ဇူလိုင်လ(၉)ရက်နေ့တွင် ပြောသည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် ဒေသခံအများအပြား စစ်ရှောင်နေပြီ ဖြစ်သော်လည်း အိမ်ရာရှိ စစ်မှုထမ်းဟောင်းများနှင့် Non CDM ဝန်ထမ်းတချို့မှာ အိမ်ရာအတွင်းမှ ထွက်မပြေးဘဲ ဆက်လက်နေထိုင်နေခြင်းဖြစ်သည်ဟု ဆို သည်။

"လူတွေတော့ မထိဘူး။ အဆောက်အဦးလည်း မပျက်ဘူး။ အိမ်ရာအနီးကို ကျတာ။ စစ်မှုထမ်းဟောင်းတွေလည်း ကြောက်လန့်ကုန်တာပေါ့။" ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

အံတော်ရပ်ကွက်သည် သံတွဲမြို့နှင့် ဒွါရာဝတီတံတားသာခြားပြီး သံတွဲ-တောင်ကုတ်ကားလမ်းပေါ် ကင်းသေကျွန်းဘက်သို့ သွားသည့်လမ်းတွင်ရှိသည်ဟု သိရသည်။

အဆိုပါ နေရာအနီးကိုလည်း ဇွန်လ(၂၉)ရက်နေ့က လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

AA က သံတွဲမြို့သိမ်းတိုက်ပွဲဆင်နွှဲနေရာ စစ်ကောင်စီတပ်က မြို့ တွင်း၊ မြို့ပြင်နေရာများအား အဆက်မပြတ် လေကြောင်းမှ ဗုံးကြဲ ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

ယနေ့ ဇူလိုင်လ(၉)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ လက် နက်ကြီးတစ်လုံး သံတွဲမြို့အမှတ်(၄)ရပ်ကွက်၊ ညောင်ပင်ဈေးသို့  ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးဒဏ်ရာရကာ နေအိမ် (၂)ပျက်စီးသည်ဟု သိရသည်။