ရွှေတောင်မြို့ အမြှောက်တပ်မှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ရွှေတောင်မြို့ အမြှောက်တပ်မှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ပဲခူးတိုင်း ရွှေတောင်မြို့ အမြှောက်တပ် (အမတ - ၅၀၉) တပ်ရင်းမှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြောင်း တပ်ရင်း (၃၈၀၁) တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေတောင်မြို့ အမတ - ၅၀၉ တပ်ရင်းမှ စစ်မှုထမ်းလုပ်သက် နှစ် (၂၀) ကျော်ရှိသည့် အဆိုပါတပ်ကြပ်သည် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မတ်လ (၁) ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမြှောက်တပ်မှ အထက်အရာရှိများက ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးပစ်ခိုင်းခြင်းများ ဆက်လက် မပြုလုပ်လိုတော့ခြင်း ၊ တပ်တွင်းဖိနှိပ်မှုများနှင့် စစ်တပ်အာဏာသိမ်းမှုကို မနှစ်သက်ခြင်းတို့ကြောင့် နတ်စစ်သည်တပ်ဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတပ်ကြပ်အား ကောင်းမွန်စွာလက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည်များ ပံ့ပိုး၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပေးပြီဖြစ်ကြောင်း နတ်စစ်သည်အဖွဲ့မှဆိုသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ နတ်တလင်းမြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency