ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံမှ သိရသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီစခန်းချတပ်စွဲနေသည့် အင်အား (၁၀၀) ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် ဇွန်လ (၂၇) ရက်နေ့ ညနေ (၄)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၂၈) ရက်နေ့ ညနေ (၃) နာရီတွင် မောင်မယ်ရှောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယာယီစခန်းချနေထိုင်သည့် ပြည်သူများနေအိမ်အနီးသို့ ဒုတိယအကြိမ် အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့ပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာနှင့် စစ်ဆင်ရေးများအရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် စစ်ရေးအသိ ၊ စစ်ရေးသတိဖြင့် ဂရုပြုသွားလာကြပါရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ အသိပေးထားသည်။

#TachileikNewsAgency