မင်းတုန်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်

မင်းတုန်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၅)ဦးခန့်ပါရှိသည့် FAWကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) ထံမှ သိရသည်။ 

မင်းတုန်းမြို့မှ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၅)ဦးခန့်ပါရှိသည့် FAWကားတစ်စီးအား ၂၀၂၄ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် မဲဇလီကျေးရွာအနီး၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် (၁)ဦး အပါအဝင် (၃)ဦး သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း  ကျောင်းသားလက်ရုံးတပ်တော် (SAF)မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ်-၄ တပ်ရင်း (Eagle Force)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF)သည် ပြီးခဲ့သည့် ဇွန်လ (၁၁)ရက်နေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ထီးတော်တင်ရွာ စစ်ကောင်စီ ကာကင်းစခန်းအား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း (၅)ဦး လက်ရ ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency