ရှမ်းပြည်နယ်အတွင်းက ရှေ့တန်းရောက် ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်

ရှမ်းပြည်နယ်အတွင်းက ရှေ့တန်းရောက် ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်

အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်(ရလခ) ကွပ်ကဲမှုအောက်၊ ရှမ်းပြည်နယ် တပ်ရင်းတစ်ရင်းမှ ဗိုလ်ကြီးတစ်ဦး ဧပြီလ(၄)ရက်နေ့က ရှေ့တန်းစစ်မြေပြင်ထွက်ရင်း CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က  ဧပြီလ(၇)ရက်နေ့တွင် ထုတ်ပြန်လာသည်။

၎င်းသည် ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ပြီး ချိတ်ဆက်မှုပြုလုပ်ကာ CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

 "CDM လှုပ်ရှားမှုမှာ ပါဝင်ရတဲ့အကြောင်းရင်းကတော့ ကျွန်တော့်ရဲ့ နိုင်ငံရေးအပေါ်မြင်တဲ့ အမြင်နဲ့ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရတဲ့ အခြေအနေအပေါ် မနှစ်သက်တော့တဲ့ အချက်တွေပေါ် အခြေခံပြီး အခုလို CDM လုပ်ရတာပါ။”ဟု ၎င်း CDM ဗိုလ်ကြီးက ပြောသည်။

ဒါ့အပြင်"ကျွန်တော် အခုမှ CDM လှုပ်ရှားမှုမှာ ပါဝင်လာရတာကတော့ ယခင်ကတည်းက လုပ်ချင်နေသော်လည်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက် အခြေအနေ မပေးသေးတာတကြောင်း၊ အလျင်စလို CDM ပြုလုပ်လိုက်ရင် မိမိရဲ့လုံခြုံရေးစိတ်ချမှု ရှိ၊ မရှိနဲ့ တစ်ဘက်က မိမိကို လက်ခံကြိုဆိုမယ့်လူတွေရဲ့ လုပ်ငန်းအပေါ် အနှောင့်အယှက်ပေးရာ ရောက်မှာလည်း စိုးရိမ်တာ ပါဝင်ပါတယ်။ အဲ့ဒီအတွက် အခြေအနေတစ်ရပ်ကိုစောင့်ပြီး အခွင့်အရေးရတာနဲ့ စစ်ဆင်ရေး တာဝန်ထမ်းဆောင်တဲ့ နေရာကနေ ယခုကဲ့သို့ CDM လှုပ်ရှားမှုမှာ ပါဝင်လာခြင်းဖြစ်ပါတယ်။”ဟု ထပ်မံပြောသည်။

"အခုဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စားဝတ်နေရေး၊ လူအခွင့်အရေး၊ တရားမျှတမှု အစရှိတဲ့ ဘက်ပေါင်းစုံက ယိုယွင်းပျက်ဆီးနေတဲ့ အခြေအနေဟာ ဘယ်သူကလုပ်လို့ ဖြစ်တာလဲ၊ ဘယ်သူက အာဏာရှင်ပုံစံအုပ်ချုပ်ချင်လို့ ဒီလိုလုပ်ဆောင်နေတယ်ဆိုတာကို အတ္တမရှိဘဲ အမှန်တိုင်း တွေးတတ်တဲ့ လူတိုင်း သိရှိနားလည်နိုင်ပါတယ်။"ဟု ဆိုသည်။

"အတိုချုံးပြောရရင် အပေါ်ပိုင်း လူတစ်စု ကောင်းစားရေးအတွက်အောက်ခြေက အရာရှိ စစ်သည်တွေကို အပေါစားစည်းရုံးမှုတွေပြောပြီး အသေခံ စစ်တိုက်ခိုင်းနေတဲ့တပ်ထဲမှာ မနေတော့ဘဲ မိမိတို့လုပ်နိုင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ကြပါ။ အမှန်တရားဘက်က ရပ်တည်ရဲကြောင်းကို အသက်ပေးစရာမလိုဘဲ နိုင်ငံအတွက် လုပ်ဆောင်ပေးကြပါ။ တပ်ထဲမှာ ကျန်ရှိနေတဲ့ CDM လုပ်ချင်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်သူများအားလုံး စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်ပြီး ပြည်သူ့ဘက်က ရပ်တည်ပေးဖို့အတွက် ရတဲ့နည်းနဲ့ တပ်က ထွက်ခဲ့ကြပါ။"ဟု ပြောသည်။

လူငယ်မျိုးဆက်များ၏ အသွေးအသားအထိ အာဏာရှင်များကို ကြောက်လန့်တတ်သည့်စိတ်က ပါလာတော့မည်ဖြစ်ခြင်းကြောင့် အချိန်မနှောင်းခင် အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းကြရန်လည်း ၎င်း ဗိုလ်ကြီးက တိုက်တွန်းထားသည်။