တိုက်ပွဲများ လားရှိုးမြို့အနီးထိရောက်လာ

တိုက်ပွဲများ လားရှိုးမြို့အနီးထိရောက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ၁၂ မိုင်အကွာရှိ နမ့်တွန်း၊ ဟိုပိတ်၌ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လားရှိုးမြို့ဘက်မှ လက်နက်ကြီးနှင့် ပစ်ကူနေသည်ဟု သိရသည်။

လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ-လားရှိုးဆက်သွယ်ထားသည့် မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ (၂၇)ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးလိုက်ပြီးနောက် မန်စံရေကျနှင့် (၅)မိုင်ခန့်ဝေးသည့် ဟိုပိတ်တွင် တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်ဟု သိရသည်။

"လက်နက်ကြီးသံတွေကြားနေရတာ။ (၅)ချက်ထက်မနည်းဘူး။ အိမ်တွေပါတုန်တယ်။ ဖြစ်နေတာက (၁၂)မိုင်-နမ့်တွန်း-ဟိုပိတ် ဘက်။ အခုထိလည်းပစ်နေတုန်းပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖျက်ဆီးခံရသည့် တံတားနှစ်စင်းမှာ ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများမှ ပြည်သူများအသုံးပြုသည့်တံတားဖြစ်သည်ဟု သိရသည်။

တိုက်ပွဲမှာ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတပ်တို့ဖြစ်ကြောင်း ဒေသခံတချို့ကပြောဆိုကြပြီး TNLA ဘက်ကမူ Tachileik News Agency ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိပါ။ 

"ဆယ်မိနစ်တစ်လုံးနှုန်း ပစ်နေတာ လားရှိုးကနေ ပစ်နေတာပေါ့။ မြို့ထဲ (၅၀၄)တပ်ကနေ လှမ်းပစ်တယ်လို့ကြားတယ်။ ဆင်တောင်ကလည်း လှမ်းပစ်တယ်လို့ကြားတယ်။ ဟိုပိတ်နဲ့ ၅၀၄ တပ်ကလည်း သိပ်မဝေးဘူး (၄)မိုင်လောက်ဝေးတာ။ ၅၀၄ တပ်က မြို့ပြင် ဒါမဲ့ မြို့နဲ့တော့ကပ်တယ်။ ခုလေးတင် တစ်လုံးထပ်ပစ်တယ်။"ဟု ဒေသ ခံတစ်ဦးက နေ့လယ် ၁ နာရီခွဲတွင်ပြောသည်။ 

လက်ရှိ လားရှိုးမြို့တွင်းအခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ် အရာရှိများ၊ ဝန်ထမ်းပိုင်း လူကြီးများ ရွှေ့ပြောင်းနေကြသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဇွန်လ(၂၅) ရက်နေ့ကစတင်၍ ရှမ်းမြောက် ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါနှင့် မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာရာက လားရှိုးမြို့အနီးအထိ ရောက်လာခြင်းဖြစ်သည်။

#TachileikNewsAgency