ရှမ်းမြောက်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရှမ်းမြောက်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ ‌မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် သံဃာတော်များအပါအဝင် အရပ်သား(၁၁)ဦး သေဆုံးပြီး (၄)ဦးဒဏ်ရာရကြောင်း TNLAထံမှ သိရသည်။ 

ယမန်‌နေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈)ရက်နေ့တိုက်ပွဲတွင် ကျောက်မဲမြို့ နယ်မြေ (၈)အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ မယ်သီလရှင်တစ်ပါးအဝင် အမျိုးသမီး (၄)ဦး၊ အမျိုးသား (၂)ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် ရပ်ကွက်(၂)ရှိ နေအိမ်(၄)လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းတွင်လည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥယျာဉ်ကျောင်းတွင်းရှိ ကိုရင် (၅)ပါး ကျည်စထိမှန်ပြီး ကိုရင်(၁)ပါး ပျံလွန်တော်မူကာ (၄)ပါး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ထို့အပြင် လူးထရပ်ကွက်ရှိ အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးကာ မိုးကုတ်အနောက်ပိုင်း အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်(၁၃)လုံး ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ကျောက်မဲမြို့၊ နောင်ချို၊ မိုးကုတ်မြို့နယ် ဒေသခံ သောင်းချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယမန်နေ့တွင်လည်း ကျောက်မဲမြို့အတွင်းသို့ စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးများနှင့်ပစ်ခတ်မှု‌ကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိမှန်ဒဏ်ရာရပြီး နောင်ချိုမြို့တွင်လည်း အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရကာ အမျိုးသမီး (၂)ဦး ကျည်ထိမှန် သေဆုံးသွားသည်ဟု သိရသည်။

ဇွန်လ (၂၆)ရက်နေ့ကလည်း ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦးသေဆုံးပြီး (၁၅) ဦးဒဏ်ရာရကာ ဇွန်လ(၂၅)ရက်နေ့တွင်လည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ(၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News