ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူမှု NUG ယာယီသမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူမှု NUG ယာယီသမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ဇွန် 27, 2024 | 2021 Military Coup

ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ပစ်ခတ်ခံရကာ ပျံလွန်တော်မူမှု စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ဇွန်လ(၁၉)ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရခြင်းအတွက် အထူးပင်စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြထားသည်။

ဆရာတော်ဘုရားကြီးသည် ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းဆောင်ရွက်နေသည့် သာသနာ့အာဇာနည် ရဟန်းတစ်ပါးဖြစ်သည့်အတွက် ပို၍ပင်ယူကျုံးမရ နှမြောတသဖြစ်မိပြီး ဘုရားသားတော် မြတ်သံဃာများကိုပင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်ဟု ပါရှိသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် အဖြစ်မှန်ကိုတမင်ဖုံးကွယ်၍ PDF အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချခြင်း၊ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုခြင်းကလည်း သံဃာထုနှင့် တိုင်းပြည်ကို ထပ်လောင်းစော်ကားလိုက်ခြင်းဖြစ်၍ လိမ်ညာမှုအတွက် အကြမ်းဖက်စစ်တပ်၏ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးသည် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည်ဟု ဆိုသည်။

တိုင်းပြည်တွင် အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများနှင့် ဆက်လက်ကြုံတွေ့နေကြရဦးမည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ပေးပို့ထားသည်။

#TachileikNewsAgency

Photo: NUG