အိန္ဒိယနိုင်ငံတွင် တရားမဝင် ချက်အရက်သောက်ပြီး အနည်းဆုံး လူ (၃၆) ဦး သေဆုံးပြီး (၆၀)ကျော် ဆေးကုသနေရ

အိန္ဒိယနိုင်ငံတွင် တရားမဝင် ချက်အရက်သောက်ပြီး အနည်းဆုံး လူ (၃၆) ဦး သေဆုံးပြီး (၆၀)ကျော် ဆေးကုသနေရ
By Mr John

 အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်တွင် တရားမဝင် ချက်အရက် သောက်ပြီးနောက် အနည်းဆုံး လူ (၃၆) ဦး သေဆုံးပြီး လူ (၆၀) ကျော်ကို ဆေးရုံများတွင် ကုသပေးနေရကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ပြောသည်။ 

၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ကတည်းက တမီလ်နာဒူပြည်နယ်၏ မြို့တော် ချင်နိုင်းမြို့မှ မိုင် (၂၅၀) အကွာ Kallakurichi ခရိုင်ရှိ ဆေးရုံများတွင် အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းတို့ ခံစားနေရသူ (၁၀၀) ကျော်ကို ဆေးရုံတင်ထားရကြောင်း ၎င်းကဆိုသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် တာဝန်ရှိသူ (၁၀) ဦးကို စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူထားကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်သည်။ 

"ဒီသတင်းကြားရတော့ ထိတ်လန့်တုန်လှုပ်ပြီး ဝမ်းနည်းရပါတယ်။ ဒီလို မဖြစ်အောင် တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေကိုလည်း အရေးယူခဲ့ပါတယ်" ဟု တမီလ်နာဒူပြည်နယ် ဝန်ကြီးချုပ် M.K. Stalin က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့က တရားမဝင် ချက်အရက်ရောင်းသူ (၄) ဦးကို ဖမ်းဆီးခဲ့ပြီး မက်သနော (methanol) ရောစပ်ထားသည့် အရက်ပုလင်း (၂၀၀) ကိုလည်း သိမ်းဆည်းခဲ့ကြောင်း ပြည်နယ်အစိုးရက ပြောသည်။ 

အိန္ဒိယနိုင်ငံအတွင်း သာမန်လူတော်တော်များများသည့် အမှတ်တံဆိပ်ပါရှိသည့် အရက်များကို ဝယ်မသောက်နိုင်ကြသည့်အတွက် တရားမဝင် ချက်အရက်ကိုသာ သောက်မှုကြောင့် သေဆုံးမှုများ ဖြစ်ပွားလေ့ရှိသည်။

 

Source: Reuters