ပုဂ္ဂလိက ဆေးရုံ၏ သန့်စင်ခန်းအတွင်း ဆေးလိပ်သောက်သည့် ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦးကို ပါး(၆)ချက် ရိုက်သည့် ဆေးရုံအကြီးအကဲ စစ်ဘက်ဒေါက်တာ ဗိုလ်ချုပ်

ပုဂ္ဂလိက ဆေးရုံ၏ သန့်စင်ခန်းအတွင်း ဆေးလိပ်သောက်သည့် ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦးကို ပါး(၆)ချက် ရိုက်သည့် ဆေးရုံအကြီးအကဲ စစ်ဘက်ဒေါက်တာ ဗိုလ်ချုပ်
By Mr John

ထိုင်းနိုင်ငံတွင် ရှိ ပုဂ္ဂလိကဆေးရုံ တစ်ခု၏ သန့်စင်ခန်းအတွင်း ဆေးလိပ်သောက်သည့် ဆယ်ကျော်သက် ကောင်လေး တစ်ဦးကို စုစုပေါင်း ပါး(၆)ချက် ရိုက်ပြီးသည့် ဆေးရုံဒါရိုက်တာဖြစ်သူ စစ်ဘက်ဒေါက်တာ ဗိုလ်ချုပ်ကို တရားစွဲရန်  ရှေ့နေတစ်ဦးက ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားလိုက်သည်။ 

 

ဘန်ကောက်မြို့ရှိ မွန်းကွတ်ဝပ်ထန  ပုဂ္ဂလိကဆေးရုံ၏ ဒါရိုက်တာ ဗိုလ်ချုပ် ဒေါက်တာ ရိမ်ထောင်နာန  က အသက် (၁၄) နှစ်အရွယ် ကောင်လေးကို သန့်စင်ခန်းထဲတွင် ဆေးလိပ်သောက်သည့်အတွက် ပြစ်ဒဏ်ပေးသည့်အနေဖြင့်  စုစုပေါင်း ပါး(၆)ချက် ရိုက်ပြီး ဆေးရုံအဆောက်အအုံကနေ ကိုယ်လုံးတီး ထွက်သွားခိုင်းခဲ့ခြင်း ဖြစ်သည်။ 

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် မေလ(၁၃)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဆေးရုံအဆောက်အအုံ (၃) ၏ ပထမထပ်ရှိ ပြင်ပလူနာဌာန၏ သန့်စင်ခန်းတစ်ခုထဲတွင် အသက်(၁၄)နှစ်အရွယ် ကောင်လေးတစ်ဦး ဆေးလိပ်သောက်နေသည်ကို ဆေးရုံဝန်ထမ်းများက တွေ့ရှိသွားပြီးနောက် အဆိုပါ လူငယ်အား ဆေးရုံ၏ ဧည့်သည်စောင့် ခန်းမသို့ ခေါ်ဆောင်သွားပြီး သန့်စင်ခန်းအတွင်း ဆေးလိပ်သောက်သည့်အတွက် ဒဏ်ငွေ ဘတ်(၅၀၀)သတ်မှတ်ထားကြောင်း ပြောဆိုသည်။

ယင်းသို့ ပြောဆိုရင်း အဆိုပါ ကောင်လေး၏ ဖုန်းကို သိမ်းဆည်းကာ ငွေရှင်းကောင်တာတွင် ထားလိုက်ပြီးနောက် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဒါရိုက်တာကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဒါရိုက်တာဖြစ်သူ  ဗိုလ်ချုပ် ဒေါက်တာ ရိမ်ထောင်နာန ရောက်ရှိလာပြီး လူငယ်အား  ဆေးရုံထဲတွင် ဘာကြောင့် ဆေးလိပ်သောက်ရသလဲဟု မေးမြန်းပြီးနောက် လူငယ်အား ငိုသည်အထိ ပါး(၄)ချက် ရိုက်သည့်အပြင် စကားများပြောဆိုပြီး နောက်ထပ် ပါး(၂)ချက် ထပ်ရိုက်ကာ ဒူးထောက်ခိုင်းသည်ဟု အဆိုပါ လူငယ်က ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ သိရသည်။

  ဗိုလ်ချုပ် ဒေါက်တာ ရိမ်ထောင်နာန က စုစုပေါင်း ပါး(၆)ချက် ရိုက်သည့်အပြင် ကောင်လေးအား အဝတ်များချွတ်ခိုင်းပြီး ဆေးရုံထဲကနေ ကိုယ်လုံးတီးဖြင့် ထွက်သွားခိုင်းသည့်အတွက် ကောင်လေးမှာ ကိုယ်လုံးတီးဖြင့် ဆေးရုံကနေ ထွက်လာခဲ့ရပြီး ဆေးရုံထွက်ပေါက် အရောက်တွင် လမ်းသွား လမ်းလာသူများထံက ဖုန်းခဏ ငှားပြီး ဆွေမျိုးများကို ဆက်သွယ်ကာ ၎င်းအား လာခေါ်ရန် အကြောင်းကြားခဲ့ရသည်။

 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် ဆေးရုံ ဒါရိုက်တာက ကောင်လေးအပေါ် ကျူးလွန်သော ပြစ်မှု (၅) ခုအတွက် စုံစမ်းစစ်ဆေးပေးရန် ရှေ့နေက အမှုဖွင့် တိုင်ကြားလိုက်သည်။ 

ထိုပြစ်မှုများမှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှု၊ အလွဲသုံးစားပြုမှု၊ တစ်စုံတစ်ဦးကို အတင်းအကျပ် စေခိုင်းပြီး မလိုက်နာပါက ၎င်းတို့၏ လုံခြုံရေးအပေါ် စိုးရိမ်ကြောက်ရွံ့စေမှု၊ တရားမဝင် ထိန်းသိမ်းမှုနှင့် မဖွယ်မရာပြုမူမှုတို့ ဖြစ်သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် ဒေါက်တာ ရိမ်ထောင်နာန က တွေ့ဆုံစကားပြောရန် ငြင်းဆိုနေမှုကြောင့် မေလ(၁၆)ရက်နေ့အထိ ၎င်းကို မဆက်သွယ်ရသေးကြောင်း ရှေ့နေက ဆိုသည်။ 

ဆေးရုံ သန့်စင်ခန်းအတွင်း ဆေးလိပ်သောက်သည့် သားဖြစ်သူ၏ လုပ်ရပ်အတွက် တောင်းပန်ကြောင်း ဆယ်ကျော်သက်‌ ကောင်လေး၏ မိခင်က ပြောဆိုထားသလို ဆေးရုံ ဒါရိုက်တာ၏ ပြစ်ဒဏ်ပေးမှုမှာ လွန်လွန်ကဲကဲဖြစ်ကြောင်း မိခင်က ပြောဆိုခဲ့သည်။

 

Source: Bankok Post, TNews, Siamrath