မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က ၎င်း၏ အစိုးရအဖွဲ့ကို ဒီဇင်ဘာလ (၂) ရက်နေ့၏ ညပိုင်း၌ ထုတ်ပြန်လိုက်ရာ Barisan Nasional (BN) ပါတီမှ အာမက်ဇာဟစ်ဒ်ဟမီဒီနှင့် Gabungan Parti Sarawak (GPS) ပါတီမှ ဖာဒီလာယူဆွတ်ဖ်တို့ကို ၎င်း၏ လက်ထောက်များအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။
အန်ဝါက ၎င်း၏ညွှန့်ပေါင်းမဟာမိတ် (၂) ဦးကို ဒုတိယဝန်ကြီးချုပ်များအဖြစ် ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။
မလေးရှားတွင် အထွေထွေရွေးကောက်ပွဲရလဒ် မပြတ်သားခဲ့ရာမှ အစိုးရတစ်ရပ်ဖွဲ့စည်းရန် မတိုးသာ မဆုတ်သာ ဖြစ်နေခဲ့ပြီးနောက် မလေးရှားဘုရင်က အန်ဝါကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။
အန်ဝါက ၎င်း၏ ညီညွတ်ရေးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးအပြင် ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူသွားမည်ဖြစ်ပြီး ယခင်ဘဏ္ဍာရေးဝန်ကြီး Tengku Abdul Aziz က ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဖြစ်လာမည်ဟု သိရသည်။
မလေးရှားအစိုးရအဖွဲ့သစ်တွင် အခြား အရေးပါသည့် ကျန်းမာရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး အစရှိသည့် ဝန်ကြီးဌာနများ၏ ဝန်ကြီးနေရာများ အားလုံးတွင်လည်း အပြောင်းအလဲများ ရှိလာသည်။
မြန်မာ့အရေး ရှေ့တန်းမှ တက်ကြွစွာပြောဆိုခဲ့သူ ယခင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာ၏ နေရာတွင် BN ပါတီမှ ဇမ်ဘရီအဗ္ဗဒူကဒါကို ခန့်လိုက်ကြောင်း သိရသည်။
အန်ဝါ၏ အစိုးရအဖွဲ့သစ်တွင် ခန့်အပ်ခံရသည့် ဝန်ကြီးများမှာ ယနေ့ ဒီဇင်ဘာလ (၃) ရက်နေ့၏ မွန်းလွဲ (၃) နာရီတွင် ကျမ်းသစ္စာကျိန်ဆိုကြမည် ဖြစ်သည်။
ဝန်ကြီးဌာနအသီးသီး၏ ဒုတိယဝန်ကြီးများကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးဟု သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီး (၂၈) ဦး ပါဝင်မည်ဖြစ်ပြီး ယခင်ဝန်ကြီးချုပ်များဖြစ်သည့် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်နှင့် မူဟီဒင်ယာစင်တို့၏ အစိုးရအဖွဲ့များထက် ဝန်ကြီးအရေအတွက် လျော့နည်းကြောင်း တွေ့ရသည်။
အစ္စမေးလ်ဆာဘရီ အစိုးရအဖွဲ့တွင် ဝန်ကြီး (၃၁) ဦးနှင့် ဒုဝန်ကြီး (၃၈) ဦးရှိခဲ့ပြီး ယာစင်၏ အစိုးရအဖွဲ့တွင်မူ ဝန်ကြီး (၃၂) ဦးနှင့် ဒုဝန်ကြီး (၃၈) ဦး ခန့်ထားခဲ့ကြောင်း သိရသည်။
လက်ရှိ မလေးရှားဝန်ကြီးချုပ် အန်ဝါက ဒီဇင်ဘာလ (၂) ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ "မနက်ဖြန် ကျမ်းကျိန်ပြီးရင် ကျွန်တော် ဝန်ကြီးတွေနဲ့ အထူးအစည်းအဝေးလုပ်ပါမယ်။ ဒါမှ သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ အရှိန်မြှင့်အားထုတ်နိုင်ဖို့ စည်းမျဥ်းတွေ၊ ညွှန်ကြားချက်တွေ၊ နည်းလမ်းသစ်တွေကို မိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု ထည့်သွင်းပြောခဲ့သည်။
Source: CNA, ST, Reuters