ရုရှားနိုင်ငံတွင် သမ္မတဗလာဒီမာပူတင်က စစ်စည်းရုံးခြင်း အမိန့်ဒီကရီထုတ်ပြန်ပြီး အရန်တပ်ဖွဲ့များနှင့် စစ်မှုထမ်းများကို ယူကရိန်းစစ်ပွဲအတွက် စစ်တပ်သို့ ခေါ်ယူနေပြီဖြစ်ရာ အမျိုးသားများ နိုင်ငံမှထွက်ခွာရန် ကြိုးပမ်းလာကြရာ ရုရှားနယ်စပ်တစ်လျှောက် လူများ၊ ကားများ ရှည်လျားစွာတန်းစီနေကြသည်ဟုဆိုသည်။
ပူတင်၏ တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးခြင်း အမိန့်ဒီကရီအရ ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် ရုရှားစစ်တပ်သို့ နိုင်ငံသား (၃၀၀,၀၀၀) ကို ခေါ်ယူသွားမည် ဖြစ်သည်။
ရုရှားအစိုးရကမူ တိုက်ခိုက်နိုင်သည့် အသက်အရွယ်ရှိ အမျိုးသားများ နိုင်ငံမှထွက်ပြေးနေသည့် သတင်းများမှာ ချဲ့ကားပြောနေခြင်းဟု တုံ့ပြန်ခဲ့သော်လည်း တကယ်တမ်းတွင် ဂျော်ဂျီယာနိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် စစ်ပွဲအတွင်း မပါဝင်လို၍ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းကြသည့် အမျိုးသား အပါအဝင် မိုင်နှင့်ချီရှည်လျားသည့် ကားတန်းရှည်ကြီး ဖြစ်ပေါ်နေသည်ဟု သိရသည်။
သမ္မတပူတင်၏ အမိန့်ဒီကရီ ကြေညာပြီးနောက် ရုရှားမှထွက်ခွာမည့် လေယာဥ်လက်မှတ်များ လျင်မြန်စွာ ရောင်းကုန်သွားခဲ့သည်ဟုလည်း သိရသည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသည့်ဓာတ်ပုံများတွင် နယ်စပ်ဂိတ်များ၌ လူတန်းရှည်များ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။
အင်တာနက်ရှာဖွေရေးဝက်ဘ်ဆိုက် Google တွင်လည်း "ရုရှားကနေ ဘယ်လိုထွက်ခွာမလဲ" "how to leave Russia" ဆိုသည့် ရှာဖွေမှုနှုန်း ထိုးတက်သွားခဲ့သည်။
ပူတင်၏ အမိန့်ဒီကရီ ကြေညာပြီးနောက် ချက်ချင်းပင် ပတ်စ်ပို့ကလွဲပြီး အခြား မည်သည့်အရာမျှ မယူတော့ဘဲ နယ်စပ်သို့ ထွက်လာခဲ့ကြောင်း အမည်ထုတ်ဖော်မပြောလိုသည့် အမျိုးသားတစ်ဦးက BBC သတင်းထောက် Rayhan Demytrie ကို ပြောသည်။
၎င်းမှာ စစ်ပွဲသို့ စေလွှတ်ခံရနိုင်သည့် အုပ်စုတွင် ပါဝင်နေမှုကြောင့် ထိုသို့ အလျင်အမြန် ထွက်လာခဲ့သည်ဟု ဆိုသည်။
ရုရှား-ဂျော်ဂျီယာနယ်စပ်တွင် မျက်မြင်တွေ့ရှိသူအချို့၏ အဆိုအရ Upper Lars စစ်ဆေးရေးဂိတ်တွင် တန်းစီနေသည့် ကားတန်းမှာ (၃) မိုင်ခန့်အထိ ရှည်လျားကြောင်း သိရသည်။
နောက်ထပ် အုပ် စုတစ်ခုကလည်း နယ်စပ်ကိုဖြတ်ရန် (၇) နာရီကြာ တန်းစီးစောင့်ဆိုင်းခဲ့ရသည်ဟု ပြောသည်။
ထိုနေရာမှ ဗီဒီယိုတွင် ယာဥ်မောင်းများက ၎င်းတို့၏ ကားများမှ ထွက်ခွာသွားကြသည်ကို တွေ့ရသည်။
ဂျော်ဂျီယာမှာ ရုရှားနိုင်ငံသားများ ဗီဇာလျှောက်ထားရန် မလိုအပ်ဘဲ ဝင်ရောက်နိုင်သည့် နိုင်ငံအနည်းငယ်အနက်မှ တစ်နိုင်ငံဖြစ်သည်။
ရုရှားနှင့် မိုင် (၈၀၀) ရှည်လျားသည့် နယ်စပ်ချင်းထိစပ်နေသည့် ဖင်လန်နိုင်ငံကို ဝင်ရောက်ရန်မူ ဗီဇာလျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
နိုင်ငံအရှေ့ပိုင်း ရုရှားနှင့်နယ်စပ်တွင် ကားတန်းရှည်ကြီး ဖြစ်ပေါ်နေကြောင်း ဖင်လန်နိုင်ငံကလည်း ပြောထားသည်။
ရုရှားတွင် နိုင်ငံသားများကို စစ်ထဲသို့ခေါ်ယူမည့် ပူတင်၏ စစ်စည်းရုံးခြင်း အမိန့်ဒီကရီကို ကန့်ကွက်ဆန္ဒပြမှုများလည်း ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွင်ပါဝင်သည့် လူ (၁,၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ရုရှားလူ့အခွင့်အရေးအုပ်စု OVD-Info က ပြောသည်။
ယူကရိကန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် မျှော်မှန်းထားသည့် အတိုင်း စစ်ပွဲကို အလျင်အမြန် အောင်မြင်ပြီးမြောက်နိုင်ခြင်းမရှိ ဖြစ်နေသည့် ရုရှားသမ္မတပူတင်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတွင် ပထမဆုံးအကြိမ် စစ်စည်းရုံးခြင်း အမိန့်ဒီကရီကို ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
Source: BBC, CNN
Photo: Olivier Morin/AFP/Getty Images,