တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထား လမ်းချော်မှုကြောင့် ရထားမောင်းသူ သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

Photo: AP
Photo: AP
တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထား လမ်းချော်မှုကြောင့် ရထားမောင်းသူ သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
By Mr John

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ (၄) ရက်နေ့က မြန်နှုန်းမြင့် ရထားတစ်စီး လမ်းချော်ကြောင့် ရထားမောင်းသူ သေဆုံးပြီး  (၈) ဦး ဒဏ်ရာရသွားကြောင်း အစိုးရသတင်းဌာနက ဖော်ပြသည်။ 

အဆိုပါရထားမှာ Guangdong ပြည်နယ်သို့ ဦးတည်မောင်းနှင်လာစဥ် ဥမင်လှိုဏ်ခေါင်းတစ်ခုအနီး ရထားလမ်းပေါ်တွင်ကျနေသည့် အပျက်အစီးပေါ် ဖြတ်မိရာမှ လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း အစိုးရသတင်းဌာန CCTV ကဆိုသည်။

တရုတ်သတင်းဌာနများက ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယိုမှတ်တမ်းအရ ရထားမောင်းသူ၏ ရထားတွဲမှာ လမ်းချော်မှုကြောင့် ပျက်စီးနေပြီး ကျန်ရထားတွဲအများအပြားမှာ ထိခိုက်ပျက်စီးမှု မရှိသည်ကို တွေ့ရသည်။

ရထားလမ်းချော်တိမ်းမှောက်မှုအတွင်း ရထားပေါ်တွင် လိုက်ပါလာသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီး ရထားလက်မှတ်ရောင်းသူ တစ်ဦးနှင့် ခရီးသည် (၇) ဦး ဒဏ်ရာရကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့် ရထားပို့ဆောင်ရေးစနစ်ဖြစ်သည့် တရုတ်နိုင်ငံ၏ ရထားလမ်းများတွင် လတ်တလော နှစ်များအတွင်း လူသေဆုံးသည့် မတော်တဆဖြစ်ပွားမှု ရှားပါးသည်ဟု ဆိုသည်။ 

၂၀၁၇ ခုနှစ်က Guizhou ပြည်နယ်တွင် မြန်နှုန်းမြင့် ရထားလမ်းကြောင်း၏ ဥမင်လှိုဏ်ခေါင်းတစ်ခု တည်ဆောက်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်သမား (၁၂) ဦး သေဆုံးခဲ့ကာ ၂၀၁၁ ခုနှစ်အတွင်း ရှန်ဟိုင်းမြို့အနီး Wenzhou မြို့တွင် မြန်နှုန်းမြင့် ရထားတိမ်းမှောက်မှုတစ်ခုကြောင့် လူ (၄၀) ဝန်းကျင် သေဆုံးခဲ့ရကြောင်း သိရသည်။ 



Source: AFP