ကမ္ဘာကျော် ရုပ်ရှင်များတွင် ပါဝင်ခဲ့သည့် ကားများကို စမ်းသပ်မောင်းနှင်နိုင်မည့် ခေတ်ဟောင်း ကားပြတိုက်

ကမ္ဘာကျော် ရုပ်ရှင်များတွင် ပါဝင်ခဲ့သည့် ကားများကို စမ်းသပ်မောင်းနှင်နိုင်မည့် ခေတ်ဟောင်း ကားပြတိုက်
စက်တင်ဘာ 30, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ပြင်သစ်နိုင်ငံမှ စုဆောင်းသူတစ်ဦးက ပါရီမြို့၏ တောင်ဘက်တွင် ခေတ်ဟောင်းကားများ စုဆောင်းပြသထားသည့် ပြတိုက်တစ်ခုကို ဖွင့်လှစ်ထားပြီး ထိုပြတိုက်သို့ လာရောက်ကြည့်ရှုသူများမှာ "Herbie" ၊ "Fast and Furious" ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများထဲက ကားများ သို့မဟုတ် "Back to the Future" ဇာတ်ကား၌ အသုံးပြုခဲ့သည့် DeLorean ကားနှင့် ပုံစံတူကားကို စမ်းသပ်မောင်းနှင်နိုင်မည်ဟု ဆိုသည်။

ယခင် ကားအရောင်းအဝယ်သမားအဖြစ် လုပ်ကိုင်ခဲ့သူ အသက် (၃၉) နှစ်အရွယ် Frank Galiegue က ပါရီမြို့၏ တောင်ဘက် (၃၁) မိုင်အကွာရှိ Etrechy နယ်မြေတွင် ၎င်း၏ ကားပြတိုက်ကို ဖွင့်လှစ်ထားပြီး အောင်မြင်ကျော်ကြားသော ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ခေတ်ဟောင်းကားများ သို့မဟုတ် ထိုကားများနှင့် ပုံစံတူကားများ စုစုပေါင်း (၄၃) စီးကို စုဆောင်းထားသည်။

Galiegue က အသက် (၂၁) နှစ်အရွယ်တွင် ကားများကို စတင်စုဆောင်းခဲ့ပြီး ၎င်း၏ ထိပ်တန်း စုဆောင်းမှုများအနက် ၁၉၇၀ ပြည့်လွန် နှစ်များတွင် ထုတ်လုပ်ခဲ့သော (၂) စီးသာ ကျန်ရှိတော့သည့် Chevrolet Chevelle Malibus ကားတစ်စီး ပါဝင်သည်။

ထိုကားကို ၂၀၁၁ ခုနှစ်အတွင်း ထွက်ရှိခဲ့သည့် အက်ရှင်ဇာတ်ကား "Drive" တွင် နာမည်ကြီးမင်းသား ရိုင်ယန်ဂေါ့စ်လင်းက မောင်းနှင်ခဲ့သည်။

"Drive" ဇာတ်ကားအတွက် Chevelle ကား (၃) စီးကို အသုံးပြုခဲ့ရာ (၁) စီးမှာ လုံးဝ ပျက်စီးသွားခဲ့သည်။

(၂) စီးသာ ကျန်ရှိတော့ပြီး ထိုကားအမျိုးအစား နောက် (၁) စီးကို ရိုင်ယန်ဂေါ့စ်လင်းက ပိုင်ဆိုင်ပြီး လော့စ်အိန်ဂျလိစ်မြို့တွင် မောင်းနှင်နေသည်ဟု Galieuge က ဆိုသည်။

Chevelle ကားမှာ ငှားရမ်းရန် မဟုတ်သော်လည်း Gulieuge ၏ Movie Cars Central ပြတိုက်သို့ လာရောက်ကြည့်ရှုသူများ အနေဖြင့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့ပြီး အများစုမှာ အမေရိကန်ထုတ်ဖြစ်သည့် ကား (၁၀) စီးကျော်ကို ခဏကြာ မောင်းနှင်ကြည့်နိုင်မည် ဖြစ်သည်။

Gulieuge ၏ ခေတ်ဟောင်းကားပြတိုက်မှ ငှားရမ်းနိုင်သော ကားများအနက် ၁၉၈၅ ခုနှစ်တွင် ထွက်ရှိခဲ့သော "Back to the Future" ဇာတ်ကားမှ DeLorean ကားနှင့် ပုံစံတူကားတစ်စီး ပါဝင်သည်။

ခေတ်ဟောင်းကားများ စုဆောင်းသူ Gulieuge က ၁၉၈၉ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Batman ရုပ်ရှင်ဇာတ်ကားမှ ကား (၁) စီး အပါအဝင် Batman ကား (၂) စီးကို လည်း ပိုင်ဆိုင်ထားသည်။

ထို့အပြင် Starsky & Hutch ဇာတ်လမ်းတွဲမှ Ford Gran Torino ကားနှင့် Magnum P.I. ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် Ferrari 398 GTS ကားတို့ကိုလည်း Gulieuge က စုဆောင်းထားသည်။

Gulieuge က Fast and Furious ရုပ်ရှင်ဇာတ်ကားတွဲများမှ ကား (၁၂) စီးကို ပိုင်ဆိုင်ထားကြောင်းနှင့် ၎င်းကားများအနက် (၈) စီးမှာ ရုပ်ရှင်တွင် အသုံးပြုခဲ့သည့် မူရင်းကားများ ဖြစ်သည်။

၎င်း၏ ပြတိုက်သို့ မကြာမီ နောက်ထပ် ကား (၃) စီး အသစ်ရောက်ရှိလာမည်ဖြစ်ပြီး (၁) စီးမှာ ၁၉၈၇ ခုနှစ်တွင် ထွက်ရှိခဲ့သော RoboCop ရုပ်ရှင်မှဖြစ်ကြောင်း သိရသည်။

 

Source: Reuters

Photo: REUTERS/Noemie Olive,