ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် အလုပ်သစ်ရရှိသွားပြီဖြစ်သည်။
အမေရိကန်ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဖက်ဒရယ်အစိုးရကို ကူညီထောက်ပံ့ရန် အသစ်ဖွဲ့စည်းလိုက်သည့် Department of Government Efficiency - DOGE ကို အီလွန်မတ်က ဦးဆောင်မည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ကြေညာလိုက်ခြင်းဖြစ်သည်။
အဆိုပါဌာနသစ်အား အီလွန်မတ်စ်နှင့်အတူ ဗီဗစ်ရာမဆွာမိတို့က ဦးဆောင်ကြမည်ဟု ထရမ့်က နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဌာနသစ်နှင့်ပတ်သက်၍ ခန့်အပ်မည့် ဝန်ထမ်းရေအတွက်၊ လုပ်ငန်းရည်မှန်းချက်စသည့် အသေးစိတ်များကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေါ်လာ မီလျံ (၁၀၀)သုံးခဲ့သည့်အပြင် ၎င်း၏ Space X ၊ Starlink ကုမ္ပဏီများမှတစ်ဆင့် အစိုးရကြား ဘီလျံနှင့်ချီသည့် သဘောတူစာချုပ်များရှိနေသည့် အီလွန်မတ်စ်၏ ဘတ်ဂျက်ဖြတ်တောက်ရေးကြိုးပမ်းမှုမှာ ထူးခြားသည့်ဩဇာညောင်းမှုရှိလာခြင်းဖြစ်သည်။
ရာမဆွာမိသည် ၂၀၂၄ ခုနှစ် သမ္မတလောင်းရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သော်လည်း ထရမ့်၏မဲဆွယ်စည်းရုံးရေးတွင် အကြံပေးတစ်ဦးဖြစ်လာခဲ့ခြင်းဖြစ်သည်။
Source:Politico