တရုတ်က ကျူးကျော်လာပါက ထိုင်ဝမ်ကို စစ်ရေးအရ အကာအကွယ်ပေးသွားမည်ဟု ဂျိုးဘိုင်ဒန် ပြောကြား

တရုတ်က ကျူးကျော်လာပါက ထိုင်ဝမ်ကို စစ်ရေးအရ အကာအကွယ်ပေးသွားမည်ဟု ဂျိုးဘိုင်ဒန် ပြောကြား
By Mr John

 ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုကနေ ခုခံကာကွယ်ရာတွင် စစ်ရေးအရ အကာအကွယ်ပေးရန် လိုလိုလားလားရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မေလ (၂၃) ရက်နေ့တွင် ပြောကြားလိုက်သည်။

အာရှခရီးစဥ်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိခဲ့စဥ် သတင်းထောက်တစ်ဦးက ထိုင်ဝမ် တိုက်ခိုက်ခံရပါက အမေရိကန်က ကာကွယ်မည်လားဆိုသည့် မေးခွန်းကို သမ္မတဂျိုးဘိုင်ဒန်က ဖြေကြားမှုအတွင်း ထိုသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

"ဒါက ကျွန်တော်တို့ရဲ့ ကတိကဝတ် ဖြစ်ပါတယ်" ဟု ဂျိုးဘိုင်ဒန်က ပြောသည်။

"တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျွန်တော်တို့ သဘောတူပါတယ်။ ဒါကို လက်မှတ်ရေးထိုးထားပြီးပါပြီ။ ဒါပေမဲ့ ထိုင်ဝမ်ကို စစ်အင်အားသုံးပြီးသိမ်းမယ်ဆိုတဲ့ အကြံအစည်ကတော့ မသင့်လျော်ပါဘူး" ဟု အမေရိကန်သမ္မတက ဆိုသည်။

ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်လာမည်မဟုတ်ကြောင်း သို့မဟုတ် ထိုသို့ ကြိုးပမ်းမည်မဟုတ်ကြောင်း ၎င်းအနေနှင့် မျှော်လင့်ထားသည်ဟုလည်း ဂျိုးဘိုင်ဒန်က ဖြည့်စွက်ပြောသည်။

သမ္မတဂျိုးဘိုင်ဒန်က ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းကလည်း အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကာအကွယ်ပေးမည်ဟု အလားတူ မှတ်ချက်ပြုခဲ့ဖူးသည်။

သမ္မတ၏ မှတ်ချက်ပြုမှုမှာ အမေရိကန်၏ မူဝါဒအပြောင်းအလဲကို ကြေညာခဲ့ခြင်း မဟုတ်ကြောင်း ထိုအချိန်က အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ရှင်လင်းပြောကြားခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရမည့် ပြည်မကြီး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ 

ထိုင်ဝမ်ကို ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးတွင် လိုအပ်ပါက အင်အားသုံးမည်ဟု တရုတ်အာဏာပိုင်တွေက ပြောဆိုထားကြောင်း သိရသည်။

Source: Reuters