မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်၏ ဇနီးဖြစ်သူ Rosmah Mansor ကို အဂတိလိုက်စားမှုဖြင့် စက်တင်ဘာ (၁) ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ် နှင့် မလေးရှားရင်းဂစ် သန်း (၉၇၀)ကို ငွေဒဏ်အဖြစ် ချမှတ်လိုက်ကြောင်း သိရသည်။
၎င်း၏ခင်ပွန်း ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် Rosmah ကိုလည်း အစိုးရကန်ထရိုက်များအတွက် လာဘ်ယူမှုအတွက် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အသက် (၇၀) နှစ်အရွယ် Rosmah ကို ထောင်ဒဏ်အပြင် ငွေဒဏ် မလေးရှားရင်းဂစ် သန်း (၉၇၀) (အမေရိကန်ဒေါ်လာ ၁၆.၄၅ သန်း) ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း ကွာလာလမ်ပူ အထက်တရားရုံးမှ တရားသူကြီး Mohamed Zaini Mazlan က ပြောသည်။
တရားရုံးက သူမကို ထောင်ဒဏ်ချမှတ်လိုက်သော်လည်း အကျဥ်းထောင်သို့ ပို့ဆောင်မည် မဟုတ်သေးဟု ဆိုသည်။
Rosmah မှာ ယခုပြစ်ဒဏ်အတွက် အယူခံဝင်နိုင်ကြောင်း သိရသည်။
Rosmah ကို ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ကန်ထရိုက်တာ Saidi Abang Samsudin ထံမှ မလေးရှားရင်းဂစ် (၁၈၇.၅) သန်း လာဘ်ငွေရယူခဲ့မှုဖြင့် စွဲချတင်ခဲ့သည်။
ကန်ထရိုက်တာက ၎င်း၏ Jepak Holdings ကုမ္ပဏီအနေဖြင့် ရင်းဂစ် (၁.၂၅) ဘီလီယံ တန်ဖိုးရှိ Sarawak ပြည်နယ် ကျေးလက်ဒေသ စာသင်ကျောင်း (၃၆၉) ကျောင်းအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း အစိုးရစီမံကိန်းများကို လုပ်ကိုင်ခွင့်ရရှိရန် ထိုသို့ လာဘ်ငွေပေးခဲ့ခြင်း ဖြစ်သည်။
ထို့အတူ Rosmah က ဝန်ကြီးချုပ်ရုံး၏ အစိုးရနေအိမ်နှင့် နောက်ပိုင်း၌ သူမ၏ ကွာလာလမ်ပူရှိ ပုဂ္ဂလိကနေအိမ်တို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း Saidi ထံမှ လာဘ်ငွေ ရင်းဂစ် (၆.၅) သန်း လက်ခံရယူခဲ့သည်ဟု စွပ်စွဲထားသည်။
မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ကိုလည်း အစိုးရပိုင် ရန်ပုံငွေအဖွဲ့အစည်း 1Malaysia Development Berhad (1MDB) ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံနှင့် ဆက်စပ်ပြီး ထောင်ဒဏ် (၁၂) နှစ် ပြစ်ဒဏ်ချမှတ်ထားသည်။
Source: CNA, Reuters