ဆရာတော်ကြီးအား ပစ်ခတ်မှုကို ဝန်ခံခြင်းမရှိသဖြင့် စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချကြောင်း NUG ထုတ်ပြန်

ဆရာတော်ကြီးအား ပစ်ခတ်မှုကို ဝန်ခံခြင်းမရှိသဖြင့် စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီသည် ဆရာတော်ကြီးအား ပစ်ခတ်မှုကို ဝန်ခံခြင်းမရှိဘဲ မသက်ဆိုင်သူများအား အပြစ်လွှဲချခြင်းသည် ဟိရိသြတ္တပ္ပတရားကင်းမဲ့သော အပြုအမူများဖြစ်သည့်အတွက် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း NUG အစိုးရက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် အကြမ်းဖက် စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကိုဝန်မခံခြင်း၊ နိုင်ငံနှင့် ပြည်သူကို လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် အကြမ်းဖက် စစ်ကောင်စီ၏ ဟိရိသြတ္တပ္ပတရားကင်းမဲ့သော အပြုအမူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသောကားကို ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် ၂၀၂၄ခုနှစ် ဇွန်လ (၁၉)ရက်နေ့က ပစ်ခတ်ခဲ့ရာ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားနှင့် ကားတစ်စီးတည်း အတူလိုက်ပါခဲ့သူ ကန်သုံးဆင့် ဆရာတော်ဘုရား၏ မိန့်ကြားချက်အရ သိရှိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်စွာဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ထားသည်။

                                                                        

ဆရာတော်ဘုရားကြီးဖြစ်စဉ်မဖြစ်ပွားမီ ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းက ငါန်းဇွန်-မန္တလေး-မြို့သာလမ်းဆုံတွင် စစ်ကောင်စီတပ်များမှ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ခရီးသွားပြည်သူများအပေါ်အနိုင်ကျင့်၍ အဓမ္မငွေကြေးကောက်ခံမှုများပြုလုပ်သဖြင့် နဂါးနီပြောက်ကျားတပ်ဖွဲ့မှ  ကားဖြင့်သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦး  သေဆုံးခဲ့ပြီး‌နောက် လာရောက်ပစ်ခတ်ခဲ့သော နဂါးနီတပ်ဖွဲ့ကားမှာ မြို့သာမှ ငါန်းဇွန်သို့ မောင်းထွက်သွားသည်ဟု စစ်ကောင်စီဘက်က သတင်းရကာ ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းမှစတင်၍  စစ်ကြောင်း (၂)ကြောင်းဖြင့် ငါန်းဇွန်-မြို့သာလမ်းပိုင်းဖြစ်သော နတ်စိမ်း၊ ဂျို၊ မဂျီ၊ ကမ္မနှင့် သံကုန်း ကျေးရွာတဝိုက်ကို လှည့်ကင်းများ၊ ကင်းပုန်းများ၊ စစ်ကြောင်းများဖြင့် လုံခြုံရေးတိုးမြှင့်ခဲ့သည်ဟု သိရသည်။

ထိုသို့ ဆောင်ရွက်နေစဉ် မှန်မချဘဲမောင်းနှင်လာသည့် ပဲခူးမြို့ နိမ္မိတာရုံ မဟနဆရာတော်ဘုရားကြီး ဘန္ဒန္တမုနိန္ဒာဘိဝံသ၏ကားကို တော်လှန်ရေးတပ်ဖွဲ့ (PDF)ကားထင်မှတ်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency