ပလက်ဝဒေသကို အားလုံးပါဝင်သည့် အုပ်ချုပ်ရေး AA စီစဉ်နေ

ပလက်ဝဒေသကို အားလုံးပါဝင်သည့် အုပ်ချုပ်ရေး AA စီစဉ်နေ

ချင်းပြည်နယ် ပလက်ဝဒေသကို အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ် လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် မီးနှင့် ရေ ရရှိရေးနှင့် ဈေးပြန်ဖွင့်နိုင်ရေးကိစ္စများကို လုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ပလက်ဝမြို့သည် လူမျိုးပေါင်းစုံနေထိုင်သဖြင့် သင့်တော်သူများကို အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ပေးသွားရန် စီစဉ်ထားပြီး ပလက်ဝဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက်လည်း အားလုံးတန်းတူရည်တူ စီမံခန့်ခွဲနိုင်ရန်၊ အားလုံးပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်များကို ချမှတ်ထားသည်ဟု ဆိုသည်။

“အရည်အချင်းရှိတဲ့လူတွေကို ကျွန်တော်တို့က ဖိတ်ခေါ်နေတာရှိတဲ့အပြင် ရပ်မိရပ်ဖထဲက သင့်တော်တဲ့လူတွေကို အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ဘက်က ဖိတ်ခေါ်နေတာရှိပါတယ်။”ဟု ခိုင်သုခက ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့ကို သန့်ရှင်းရေးလုပ်ဆောင်နေပြီး မြို့ခံများကို ပြန်လည်နေရာချထားရေး၊ မီး၊ ရေ ရရှိရေး၊ ဈေးပြန်ဖွင့်နိုင်ရေး၊ အမှိုက်သိမ်းစနစ်နှင့် စည်ပင်သာယာရေးစနစ်များကို ဖော်ဆောင်နေသည်ဟု ဆိုသည်။

“နယ်ဖက်တွေမှာ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။ စစ်ဘေးရှောင်ကူညီရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ပလက်ဝကို သူပိုင်တယ်၊ ငါပိုင်တယ် ပြောနေဖို့ထက် ပလက်ဝဒေသကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီးတော့ ပလက်ဝဒေသခံတွေရဲ့ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေး၊ အနာဂါတ်ကို ဘယ်လိုတည် ဆောက်သွားမလဲဆိုတာက ပိုပြီးတော့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ပလက်ဝကို ဘယ်သူပိုင်လဲဆိုရင် ပလက်ဝမှာနေတဲ့ လူတွေပိုင်ပါတယ်။ ကျွန်တော်တို့ဘက်က ရှင်းရှင်းလင်းလင်းနဲ့ ပြောချင်တယ်။”ဟု ခိုင်သုခက ပြောသည်။

ပလက်ဝဒေသသည် ရက္ခိုင့်တပ်တော်က အသက်၊ သွေးများစွာ အရင်းအနှီးပြုပြီး ဒေသခံပြည်သူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သဖြင့် ဒေသခံပြည်သူလုံခြုံရေးကိစ္စ၊ အုပ်ချုပ်ရေး၊ တရားဥပဒေ ကိစ္စများ၊ လူမှုရေး သဟဇာတဖြစ်ရန်၊ စီမံအုပ်ချုပ်ရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စတို့ကို ULA/AA အနေဖြင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး အကောင်းဆုံးစီမံပေးသွားရန်ရှိကာ ပလက်ဝဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး အာမခံချက်ရှိရန်အတွက် AA၏ ထိန်းချုပ်မှုအောက်တွင် ဆက်ပြီးရှိနေမည်ဟု ပြောသည်။

#TachileikNewsAgency