တောင်သာနှင့် မြင်းခြံမြို့တို့တွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံတချို့ဒဏ်ရာရ

တောင်သာနှင့် မြင်းခြံမြို့တို့တွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံတချို့ဒဏ်ရာရ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာနှင့် မြင်းခြံမြို့တို့တွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံတချို့ပစ်ခတ်ခံရကာ ဆေးရုံသို့ရောက်ရှိနေသော်လည်း ဆေးကုသခွင့်မရသေးကြောင်း ဒေသခံများထံ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တောင်သာမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား(၂)ဦး ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ 

"မြို့အဝင်က ဟိန်းဆီဆိုင်မှာ ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်တာ။ မြင်းခြံ အမှတ်(၂)ရပ်ကွက်က ကိုအောင်ချစ်မိုးနဲ့ မြို့သစ်က ကိုဖိုးထွန်းတို့ ဒဏ်ရာရတယ်။ ဆေးရုံခေါ်သွားတော့ စစ်ကောင်စီတပ်တွေက လမ်းမှာ စစ်ဆေးတယ်။ ဆေးရုံရောက်တော့ တရာဝန်တွေလည်း ထွက်ပြေးနေလို့ ဆေးမကုရသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

​တောင်သာမြို့နယ် တိုက်ပွဲမှာ ပြင်းထန်​နေသဖြင့် စစ်​ကောင်စီတပ်က​ လေ​ကြောင်းမှ (၃)ကြိမ်ထက်မနည်းပစ်ကူ​ပေး​ရာ စစ်ကောင်စီ၏ အထည်ချုပ်စက်ရုံလည်း မီးလောင်နေသည်ဟု သိရသည်။

တောင်သာမြို့ရဲစခန်း၊ တောင်သာ-မိတ္ထီလာလမ်းမရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) အမှတ်(၁၀) ချည်မျှင်နှင့် အထည်စက်ရုံ၊ ဘုရားလှပျူရွာတို့ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

"မြင်းခြံ -တောင်သာမြို့နယ်ကြား သံမဏိစက်ရုံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာတိုက်မည်စိုးသောကြောင့် မြင်းခြံ-တောင်သာအနီးတဝိုက် စစ်ခွေးတွေ လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။ မြင်းခြံစက်မှုဇုန်နဲ့ မောင်ရင်ပေါ်ချောက်အတွင်း စခများ ကင်းပုန်းဝပ် နေရာယူ အသင့်ပြင်ထားကြောင်းသိရပါတယ်။" ဟု မြင်းခြံ News က ဖော်ပြထားသည်။

မြင်းခြံတိုက်ပွဲအခြေအနေများကိုမူ အသေးစိတ် မသိရသေးပါ။

ပြီးခဲ့သည့် သြဂုတ်လ (၁ဝ)ရက်နေ့ကစတင်ကာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကို နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် ပြုလုပ်ရာ တိုက်ပွဲများ ပြင်းထန်နေသည်။ 

ထို့ကြောင့် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ - တောင်သာလမ်းပိုင်းများအား လက်ရှိတွင် ဖြတ်သန်းသွားလာခြင်း မပြုကြရန် တော်လှန်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency