စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသည့် တပ်ရင်း၊ တပ်မများ အမြောက်အမြား ပေါ်ထွက်လာရန် လိုအပ်နေပြီး မဟာမိတ်စုဖွဲ့မှု ကြိုးစားတည်ဆောက်နေကြောင်း NUG ယာယီသမ္မတဆို

စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသည့် တပ်ရင်း၊ တပ်မများ အမြောက်အမြား ပေါ်ထွက်လာရန် လိုအပ်နေပြီး မဟာမိတ်စုဖွဲ့မှု ကြိုးစားတည်ဆောက်နေကြောင်း NUG ယာယီသမ္မတဆို
ဇွန် 18, 2024 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသည့် တပ်ရင်း၊ တပ်မ အမြောက်အမြား ပေါ်ထွက်လာရန် လိုအပ်ပြီး မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်းရေးကို ကြိုးစားတည်ဆောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

ယခုအချိန်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း ၊ ကရင်နီပြည်နှင့် တနင်္သာရီတိုင်းတို့တွင် ခုခံတော်လှန်စစ်အရ စစ်ရေးအဟုန်မြင့်မားလာသည်ကို တွေ့မြင်ရပြီး တခြားသော ခုခံတော်လှန်စစ်ဒေသတွေများတွင် သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့များ၏ ဦးစားပေး လျာထားချက်များ အနည်းငယ် ငြိမ်သက်နေသည်ကို တွေ့မြင်ရကြောင်း ယာယီသမ္မတမှ ဆိုသည်။

စစ်ရေးအမြင်အရ မည်သည့်အရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြော၍ မရသော်လည်း စစ်အာဏာရှင်၏ စစ်ရေးယန္တရားများအား အမြစ်မှ တူးဖြိုပစ်နိုင်ရန် တော်လှန်ရေးအင်အားစုအားလုံး၏ စုပေါင်းလက်တွဲဆောင်ရွက်မှု(Coordinated Action)သည် အလွန်အရေးကြီးကြောင်း ယာယီသမ္မတမှ ဆိုသည်။

ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားသည့် Coordinated Action ဆိုသည်မှာ ခိုင်မာပြီး စုဖွဲ့မှု အားကောင်းသည့် မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစုကို ဆိုလိုခြင်းဖြစ်ပြီး ယင်းတွင် တစ်ညီတစ်ညွတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ် ပါဝင်သကဲ့သို့ မဟာဗျူဟာမြောက် စုဖွဲ့ထားသည့် စစ်ရေးမစ်ရှင်များလည်း ပါဝင်ကြောင်း ၎င်းမှဆိုသည်။ 

ထို့အပြင် လက်နက် ခဲယမ်းမီးကျောက်စသည့် စစ်ရေးရင်းမြစ်များကို ခွဲဝေနေရာချထားနိုင်မှုနှင့် ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် ချိန်သားကိုက်လှုပ်ရှားနိုင်သည့် Timing များသည် အင်မတန် အရေးကြီးကြောင်း ယာယီသမ္မတမှ ဆိုသည်။

ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေခြင်းဖြစ်သည့်အတွက် လူထုထောက်ခံမှု ကျဆင်းမသွားရေးကို အထူးဂရုစိုက်ရန်နှင့် တခါတရံ စစ်ရေးအရ အောင်နိုင်ဒေသများ ရှိသော်လည်း လူထုကို ဆုံးရှုံးရသည်မျိုး ဖြစ်တတ်သဖြင့် မည်သို့သော အခြေအနေသို့ ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံး၍ မရဘူးဆိုသည်ကို သတိချပ်စေချင်ကြောင်း ၎င်းမှဆိုသည်။

ခုခံတော်လှန်စစ်ဒေသများကို အောင်နိုင်ရန် တစ်ခုတည်းကို အာရုံစိုက်ရမည် မဟုတ်ဘဲ၊ လူထု၏ နှလုံးသားကို သိမ်းကြုံးရယူနိုင်စေရန်လည်း အထူး ဂရုစိုက်ရမည်ဖြစ်ကြောင်း ယာယီသမ္မတမှ ထောက်ပြ ပြောဆိုခဲ့သည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ထိထိရောက်ရောက် စီမံနိုင်ရန်အတွက် International Aid Coordination Commission ကို ဖွဲ့စည်းထားရှိပြီး အဆိုပါ ကော်မရှင်မှတစ်ဆင့် ထိရောက်သည့် နိုင်ငံတကာ အထောက်အပံ့များကို လုံလုံလောက်လောက်ရရှိစေရန် ထပ်မံ ကြိုးစားစေချင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့အစည်းအဝေးတွင် ထောက်ပြပြောဆိုခဲ့သည်။

#TachileikNewsAgency