၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆို

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆို

ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်က ၂၀၂၄ခုနှစ် ဇွန်လ (၁၅) ရက်နေ့ မိတ္ထီလာခရိုင်အတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် လာမည့်‌အောက်တိုဘာလအတွင်းတွင် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး လာမည့်နှစ်အတွင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိပြီး နိုင်ငံရေးကို အကြောင်းပြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည် ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းခေါင်စာရင်းကောက်ယူရာတွင် ခက်ခဲသည့်ဒေသများကို အနီးစပ်ဆုံးစာရင်းရရှိအောင်ဆောင်ရွက်ရန်နှင့် ကောက်ယူရရှိနိုင်သည့် မြို့နယ်များကို ဦးစွာကောက်ခံထားပြီး ဆက်စပ်မြို့နယ်များကို စစ်တပ်နှင့်ရဲ အင်အားအသုံးပြု၍ ကောက်ယူသွားမည်ဖြစ်ကြောင်း ဇွန်လ (၇)ရက်နေ့တွင် ပြောဆိုထားသည်။

မဲစာရင်းအတွက် ရည်ရွယ်သည်ဆိုသည့် စစ်ကောင်စီမှပြုလုပ်နေသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာလှုပ်ရှားမှုအဖြစ် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ မြန်မာပြည်အနှံ့တွင် သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀,၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁ဝ,ဝဝဝ ခန့် ရှိနိုင်ကာ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ခန့် လျာထားကြောင်း သိရသည်။

စစ်ကောင်စီသည် လူထုလက်မခံသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဇွန်လ ပထမပတ်အတွင်း လှုပ်ရှားမှု (၄၅) ကြိမ်ပြုလုပ်ခဲ့ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG၏ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်၊ နှစ်လယ်လောက်၌ ရွေးကောက်ပွဲကို ပြုလုပ်နိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပြီး စစ်ကောင်စီသည် နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မြေပြင် မဲဆန္ဒနယ်များကို ပေါင်းစည်းပြီး ရွေးကောက်ပွဲကို PR(အချိုးကျကိုယ်စားပြုစနစ်)နှင့် ကျင်းပသွားနိုင်ခြေရှိကြောင်း ပြောဆိုထားသည်။

#TachileikNewsAgency