ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်ဖွဲ့တိုးအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဇွန်လ(၁၂)ရက်နေ့က SSPP တပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေစဉ် RCSS တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း RCSS တပ်ဖွဲ့ထံမှ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု SSPP က ယနေ့ ဇွန်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နှင့် ရပ်စောက်မြို့နယ်၌ SSPP စစ်ကြောင်းကို RCSS တပ်ဖွဲ့များက ဇွန်လ (၆)ရက်နေ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု SSPP က ဆိုသည်။
ရပ်စောက်မြို့နယ် တောင်ထိပ်ကျေးရွာအနီး ပတ်ကင်းလှည့်နေသည့် SSPP တပ်ဖွဲ့ဝင်တစ်ချို့ကို RCSS တပ်ဖွဲ့ဝင်တစ်ချို့က မိုင်း(၆)လုံးဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဇွန်လ (၂)ရက်နေ့ကလည်း ရပ်စောက်မြို့နယ် လွယ်တန်ကျေးရွာ နှင့် မက်လန်းကျေးရွာတွင် SSPP စစ်ကြောင်းကို RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ မိုင်းတစ်လုံးပေါက်ကွဲခဲပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၃)လုံးကို သိမ်းဆည်း ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဇွန်လ (၁)ရက်နေ့ကလည်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအနောက်ဘက် ကျောက်ငတ်ကျေးရွာလမ်းခွဲတွင် SSPP စစ်ကြောင်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ရှမ်းတပ်နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS သည် နှစ်ဖက်ပေါင်းစည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့က ပစ်ခတ်တိုက်ခိုက်မူရပ်စဲကြောင်း သဘောတူကြေညာစာ ထုတ်ပြန်ခဲ့သည်။
ယင်းနောက်ပိုင်း ၂၀၂၄ ခုနှစ်အတွင်း မတ်လတွင်(၁)ကြိမ်၊ မေလတွင်(၆)ကြိမ်နှင့် ဇွန်လတွင် (၄)ကြိမ် RCSS က မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်သည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: SSPP Info