ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ-မန္တလေးလမ်းပိုင်းဖြစ်သည့် မိုးတေရွာ နှင့် သီပေါကြား၌ စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းတွင် မြေတူးစက်ဖြင့် မြောင်းတူးလိုက်ကြောင်း သိရသည်။
"မူဆယ်-မန္တလေး ကားတွေ စုံစမ်းပြီးမှ သွားလာကြပါဗျာ။ အခုတော့ လူတွေလည်း တိုက်ပွဲပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်တာတွေရှိနေတာပေါ့။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီက သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့ကို ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုအား စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၉)ရက်နေ့က မိုးမိတ်မြို့နယ်ရှိ အပစ်ရပ်ထားသည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၃)ကြိမ်နှင့် ပေါင် (၅၀၀)ဗုံးတစ်ကြိမ် လာရောက်ကြဲရာ TNLA ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဇွန်လ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo: PSLF/TNLA News,Ye Min Tun