မေလအတွင်း အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်

မေလအတွင်း အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်
ဇွန် 11, 2024 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ် မေလအတွင်း တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ ဇွန်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အရာရှိအဆင့် ဗိုလ်မှူး (၃)ဦး၊ ဗိုလ်ကြီး (၁)ဦး၊ ဗိုလ် (၁) ဦးနှင့် ဒုရဲအုပ် (၁)ဦး အပါအဝင် တပ်သားနှင့်ရဲ  (၄၅)ဦး အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်း လာခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ (၄၅) ဦးတွင် လက်နက်နှင့်တကွ အလင်းဝင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မေလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၄)လက်နှင့် ခဲယမ်း မီးကျောက်များရရှိခဲ့ကြောင်း သိရှိရသည်။ 

စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ  PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်း အသိပေးထားသည်။

#TachileikNewsAgency