မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေတနေရာတွင် ပြုလုပ်သည့် တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) အပတ်စဉ် (၇) ဒရုန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFCမှ ခေါင်းဆောင်များ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF စစ်ရေးခေါင်းဆောင်များ တက်ရောက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ၂၀၂၄ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇွန်လ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒရုန်းသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဒုကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွတ်က သဝဏ်လွှာပေးပို့ခဲ့ပြီး MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်ဆိုင်း၊ MSDF နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မီတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်း (MSFC ကောင်စီဝင်)နှင့် MSRF တပ်မှ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဘော်များအနေဖြင့် ယခုလို သင်တန်းတက်ပြီး စစ်အာဏာရှင်အား နည်းပညာဖြင့် စနစ်တကျတွန်းလှန်ရန်နှင့် လူထုတော်လှန်ရေးသည် ရဲဘော်များ၏ မျိုးဆက်များသာမက အနာဂတ်မျိုးဆက်အတွက်ပါ လွတ်မြောက်ရန်ဖြစ်ကာ စစ်အာဏာရှင်ရှိနေသမျှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောင်နိုင်ခြင်းမရှိလျှင် စစ်ကျွန်ဘဝနှင့်သာ ဆက်နေရမည်ဖြစ်သဖြင့် တော်လှန်ရေးတာဝန်ကို စိတ်ဓာတ်ခိုင်မာစွာ ထမ်းဆောင်သွားစေလိုကြောင်း MSFC အုပ်ချုပ်ရေးကော်မီတီ ဥက္ကဌ နိုင်မွန်ဆိုင်းမှ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။
ဒရုန်းသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသရှိ စောနဂါးဒရုန်းတပ်မှ ဦးဆောင်ပြီး သင်တန်းပေးခဲ့ခြင်းဖြစ်ကာ မွန်ပြည်ခြေစိုက် မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRFမှ သင်တန်းသူ၊သင်တန်းသားများအပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တော်လှန်ရေးတပ်ဖွဲ့ များမှ သင်တန်းသူ၊သင်တန်းသား (၄၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Mon State Federal Council - MSFC