လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်မှုများကို ကျော်ဖြတ်ပြီး ချင်းညီနောင်အနေဖြင့် AA နှင့်လက်တွဲ၍ စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်သွားမည်

လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်မှုများကို ကျော်ဖြတ်ပြီး ချင်းညီနောင်အနေဖြင့် AA နှင့်လက်တွဲ၍ စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်သွားမည်

ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေရန် လူမျိုးရေးပဋိပက္ခ ဖန်တီးမှုများ၊ ကောလဟာလသတင်းများဖြင့် အချိန်ကိုက်လုပ်ကြံမှုများကို ကျော်ဖြတ်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့်လက်တွဲ၍ စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ကြောင်း ချင်းညီနောင်အဖွဲ့မှ သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်ကာလသည် စစ်အာဏာရှင်ကို နိုင်ငံအနှံ့တွင် အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေသည့်ကာလဖြစ်ပြီး စစ်ကောင်စီအင်အားအနည်းဆုံး ယိုင်နဲ့လာနေသည့်အချိန်ဖြစ်ကာ ပြည်သူအများ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို အကြိမ်ကြိမ်ရင်ဆိုင်နေရချိန်တွင် လူမျိုးရေးပဋိပက္ခပြဿနာများ၊ မဟုတ်မမှန် ကောလဟာလများနှင့် အချိန်ကိုက်လုပ်ကြံတိုက်ခိုက်ခြင်းမှာ သွေးရိုးသားရိုးမဟုတ်ဘဲ စစ်ကောင်စီကိုအားပေးသည့် နိုင်ငံရေးလုပ်ကြံမှုအဖြစ် ရှုမြင်ကြောင်း ချင်းညီနောင်မှ ၂၀၂၄ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော်တို့ အိမ်နီးချင်းဆွေမျိုးရင်းချာ ညီအစ်ကိုများသဖွယ် အသက်ထပ်တိုက်ပွဲဝင်နေကြစဉ်ကာလအတွင်း တချို့သောအဖွဲ့အစည်းများ၏ မဟုတ်မမှန်သတင်းများထုတ်ပြန်တိုက်ခိုက်ခြင်းသည် တော်လှန်ရေးကို အကျိုးယုတ်စေသည့် စိတ်ဓာတ်မမှန်သည့် ၊ မှားယွင်းသည့်လုပ်ရပ်များသာဖြစ်ကြောင်း ချင်းညီနောင်မှ ဆိုသည်။

အချို့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA)တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို မထိခိုက်စေရန် သတိထားရမည်ဖြစ်ပြီး ၊ ပြည်သူများအနေဖြင့် အခြေအမြစ်မရှိ၊ အထောက်အထားမရှိသည့် တစ်ဖက်သတ်ဝါဒဖြန့်မှုများကို နားမယောင်ရန်လိုအပ်ကြောင်း ချင်းညီနောင်မှ ဆိုသည်။

ချင်းညီနောင်၏ မဟာမိတ်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် အောင်ပွဲများ ရရှိနေချိန်တွင် တစ်ဖက်ရန်သူ၏ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးတိုက်ခိုက်နေခြင်း၊ အခက်အခဲများဖြစ်စေရန် ချောက်တွန်းလုပ်ကြံခြင်းတို့ကို ကျော်ဖြတ်ပြီး၊ ချင်းညီနောင်အနေဖြင့် ရက္ခိုင့်တပ်တော်နှင့် ရခိုင်ပြည်သူများအတွက် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းတော်လှန်ရေးအဖွဲ့များဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (Chin National Coincil – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (Chin Defense Force – Kanpetlet) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (Chinland Defense Force – Matupi) တပ်မဟာ ( ၁ ) တို့ ပါဝင်သည်။

#TachileikNewsAgency