တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၅)ဦးကို ဆိုင်ကယ် (၂၁)စီး နှင့်အတူ ဖမ်းမိ၊ ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြင့် အမှုဖွင့်ထား

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၅)ဦးကို ဆိုင်ကယ် (၂၁)စီး နှင့်အတူ ဖမ်းမိ၊ ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြင့် အမှုဖွင့်ထား

 ခိုးဆိုးလုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသည့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၅)ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ် (၂၁)စီး ပြန်လည် သိမ်းဆည်းရမိကြောင်း နှင့် လတ်တလောတွင် ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း ၂၀၂၄ခုနှစ် ဇွန်လ၏ ပထမပတ်အတွင်း၌ ဆိုင်ကယ်သူခိုးများအနက်   ပိုင်သွင်ဦး (ခ) ပိုင်ပိုင်အား  ကနဦး ဖမ်းဆီးရမိပြီးနောက် ၎င်းအား စစ်ဆေးရာမှ ဆက်လက်၍ နောက်ထပ် (၄)ဦးဖြစ်သည့် ဇွဲသက်ပိုင်(ခ)ငဇွဲ ၊ ရဲဟိန်းထွဋ် (ခ)ပေါက်ခေါ ၊ သန်းဆွေ (ခ)ဟိန်းစိုး နှင့် စိုင်းသူရအောင် တို့ကို ထပ်မံ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်ခိုးခံရတဲ့သူတွေအနေနဲ့ အခု ပြန်သိမ်းဆည်းရရှိထားတဲ့ ဆိုင်ကယ်တွေထဲမှာ မိမိတို့ ဆိုင်ကယ် ပါသလားဆိုတာကို ဟောင်လိတ်ရဲစခန်းမှာ သွားကြည့်လို့ရပါတယ်။ လိုင်စင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားအနေနဲ့ အင်ဂျင်/ဘောင် နံပါတ်တို့ ဒါမှမဟုတ် အရင်က ရိုက်ထားတဲ့ ဆိုင်ကယ်ပုံတို့ ပြနိုင်ရင် ပိုကောင်းတာပေါ့။ ဆိုင်ကယ် ပိုင်ရှင်တွေအနေနဲ့ကတော့ အမှုကိစ္စပြီးမှ ဆိုင်ကယ် ပြန်ရနိုင်မှာပါ။ ဆိုင်ကယ်သွားကြည့်လို့ ဟောင်လိတ်ရဲစခန်းက တာဝန်ရှိသူတွေက ကောင်းမွန်စွာ ဆက်ဆံမှုမရှိရင် ကျွန်တော်တို့ ခရိုင်ရုံးကို လာရောက် အသိပေးနိုင်ပါတယ်"ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဆိုင်ကယ်ခိုးခံရပြီး နယ်ဝေးရောက်နေသူများအနေဖြင့်  ဟောင်လိတ်နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးထွန်းသိန်း၏ ဖုန်း 09403745961 သို့ ဖုန်းခေါ်၍ ဖြစ်စေ Viber ကနေ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အသိပေးထားရှိသည်။

ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်သူခိုး (၅)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မများဖြစ်သည့်  ၃၈၀ / ၁၁၄ / ၄၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ပုဒ်မများအနက် ပုဒ်မ ၃၈၀ သည်  ထောင်ဒဏ် ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ် ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် ခိုးမှု လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေပြီး ကျူးလွန်သူအချို့ကို ရဲတပ်ဖွဲ့က ဖမ်းမိသည်များရှိသော်လည်း ပူးပေါင်းပါဝင်သူများနှင့် သူခိုး လက်ခံ ဝယ်လက်များကို ထိထိရောက်ရောက် ဆက်လက် ဖော်ထုတ်မှု နည်းပါးကြောင်း ဒေသခံများက ဆိုသည်။