မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မြဝတီ အပါအဝင် ဒေသ(၅)ဒေသကို တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကြောင့် ဟုဆိုကာ ထိုင်းအစိုးရက လျှပ်စစ်မီး ပြန်လည်ဖြတ်တောက်မည် ဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညနေ့ပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက ထိုင်းလျှပ်စစ်မီး ဖြတ်တောက်ပါက တာချီလိတ်ဒေသအတွင်း လာအိုလျှပ်စစ်မီးဖြင့် အစားထိုး ဖြန့်ဝေ ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်းဘက်က လျှပ်စစ်မီး မမျှော်လင့်ဘဲ ဖြတ်တောက်လိုက်၍ အချိန်ကြန့်ကြာလာပါက လာအိုလျှပ်စစ်မီးကို မြို့တွင်း ဖြန့်ချိပေးနိုင်ရန်အတွက် စီစဉ်ထားပြီးဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"မတော်တဆဖြစ်ခဲ့ရင် အချိန်ကြန့်ကြာမှုတခုအပေါ် အမြန်ဆုံး လာအိုမီးကို ဖြန့်ချက်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ ကနဦးထဲက မျှော်လင့်မထားတဲ့ ကိစ္စဖြစ်လာခဲ့ရင် ဘယ်လို ဖြန့်ချက်သွားမယ်ဆိုတာကို ကြိုတင်တွက်ဆ စီစဉ်ထားပါတယ်။ ဒါကြောင့်လည်း ဓါတ်အားလိုင်းသစ်တွေ ကြိုတင်ဆောက်လုပ်ထားပါတယ်။ မနက်ဖြန်အတွက်လည်း အားလုံးအဆင်သင့် ဖြစ်ပါပြီ။"ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ရုံးမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၄)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်အချိန်က ပြောသည်။
မြန်မာ - လာအို - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့တွင် ထိုင်းလျှပ်စစ်မီး နှင့် လာအိုလျှပ်စစ်မီးကို အသုံးပြုနေသလို တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင်လည်း လျှပ်စစ်မီးကို အသုံးပြုနေခြင်း ဖြစ်သည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ထိုင်းအစိုးရက နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို တစ်နာရီခွဲအကြာ ပြုလုပ်ပြီး နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည် ဖြတ်တောက်ရေး အပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
လျှပ်စစ်မီး ဖြတ်တောက်မည့် ကိစ္စကို ထိုင်းအစိုးရက မြန်မာဘက် သက်ဆိုင်ရာများသို့ အသိပေး အကြောင်းကြားထားပြီးပြီဖြစ်ကြောင်း ပြောကြားထားသော်လည်း ည(၁၁)နာရီကျော်အချိန်မှ ထိုင်းဘက်က အသိပေးအကြောင်းကြားလာခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီထံက သိရသည်။
တာချီလိတ်မြို့အနေဖြင့် လျှပ်စစ်မီးအခက်အခဲကို တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက လာအိုလျှပ်စစ်မီးဖြင့် အစားထိုးသွားရန် စီစဉ်ထားပြီးဖြစ်သော်လည်း စက်သုံးဆီကိုလည်း ထိုင်းဘက်က တင်ပို့မှု ရပ်ဆိုင်းပါက တာချီလိတ်မြို့နယ် စက်သုံးဆီပန့်လုပ်ငန်းရှင်များအသင်းအနေဖြင့် မည်သို့ စီစဉ်မည်ကိုတော့ မသိရသေးပေ။