ပခုက္ကူတွင် စစ်ယာဉ်တန်းတိုက်ခံရသဖြင့် လေကြောင်းမှ ရွာအတွင်းသို့ဗုံးကြဲရာ ဒေသခံများ သေဆုံးဒဏ်ရာရ 

ပခုက္ကူတွင် စစ်ယာဉ်တန်းတိုက်ခံရသဖြင့် လေကြောင်းမှ ရွာအတွင်းသို့ဗုံးကြဲရာ ဒေသခံများ သေဆုံးဒဏ်ရာရ 

မကွေးတိုင်း ပခုက္ကူမြို့တွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲရာ ဒေသခံ (၄)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ်မ (၁၀၁)မှထွက်လာသော စစ်ကောင်စီယာဉ်တန်း (၁၃)စီးနှင့် အင်အား(၁၅၀)ဝန်းကျင်ပါ စစ်ကြောင်းကို ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးအလုံး (၅၀)ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် တပ်သား (၁၀)ဦး သေပြီး (၂၈)ဦး ဒဏ်ရာရကြောင်း Young Force UG က ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းရှေ့ဆက်မတိုးနိုင်သဖြင့် အနီးရှိရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ အမျိုးသမီးများ အပါအဝင် (၄)ဦးသေဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တော်လှန်ရေးတပ်များသည် ဇွန်လ(၃)ရက်နေ့ကလည်း ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော အနောက်ဘုန်းကံရွာကို တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Photo: Young Force UG