ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၄ ဦး သေပြီး ၄၀ ဦး ကို ဖမ်းမိ

ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၄ ဦး သေပြီး ၄၀ ဦး ကို ဖမ်းမိ
ဇူလိုင် 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုနယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်း (၅၄)လောင်းနှင့် စစ်သုံ့ပန်း (၄၀)ဦးကို ဖမ်းဆီးရမိကြောင်း TNLA ထံမှ သိရသည်။  

၂၀၂၄ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့မှ (၂၂)နေ့အတွင်း TNLA၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲနှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ (၂၀၂)၊ (၂၀၃)တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ရှိသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်အား သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက် MA-1 (၂၆)လက်၊ MA-3 (၁၆)လက်၊ MA-4 (၄)လက်၊ MA-11 (၁၂)လက်၊ MA-2 (၁၀)လက်၊ ငကျည်းမီး (၁)လက်၊ 45-MM (၂)လက်၊ 120-MM (၁)လက်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅)ခုတို့ကို သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သားအလောင်းများနှင့် စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် မိုးကုတ်မြို့နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA၊ PDF(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။  

မိုးကုတ်မြို့အရှေ့ပိုင်း ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁/၈၈)တို့ ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယနေ့ ညနေပိုင်းတွင် မိုးကုတ်မြို့ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ သေနတ် (၁)လက်၊ စစ်သုံ့ပန်း (၁၉)ဦး ဖမ်းဆီးရမိပြီး မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီထံမှ သေနတ်(၁၆)လက်၊ RPG (၁)လက်၊ ၆၀မမ (၁)လက်တို့ကို သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း (၁၆)လောင်းတို့ကို တွေ့ရှိသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News