သတင်းပေး ဖရဲသီးများ "လောက်ကောင်"ဟု ခေါ်ရန် နှင့် CDM ကို "DCS" ဟု ခေါ်ရန် စစ်ကောင်စီက ဌာနဆိုင်ရာများကို လျှို့ဝှက် ညွှန်ကြားထား

သတင်းပေး ဖရဲသီးများ "လောက်ကောင်"ဟု ခေါ်ရန် နှင့် CDM ကို "DCS" ဟု ခေါ်ရန် စစ်ကောင်စီက ဌာနဆိုင်ရာများကို လျှို့ဝှက် ညွှန်ကြားထား
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်မက်ရေးရာတွင် ရှုံးနိမ်နေပြီး စိတ်ဓါတ်ရေးရာတွင်လည်း ဆောက်တည်ရာမရ ဖြစ်နေသည့် အာဏာသိမ်း စစ်ကောင်စီက ဌာနတွင်း သတင်းပေး "ဖရဲသီး"များကို "လောက်ကောင်"ဟု သုံးနှုန်းရန် နှင့် "CDM"များကိုလည်း "DCS"ဟု သုံးနှုန်း ခေါ်ဆိုရန် ၂၀၂၄ခုနှစ် ဩဂုတ်လ၏ နောက်ဆုံးပတ်တွင်းက အောက်ခြေ ဌာနဆိုင်ရာအသီးသီးကို စာထုတ်ကာ လျှို့ဝှက် ညွှန်ကြားထားကြောင်း သိရသည်။

လျှို့ဝှက် ညွှန်ကြားထားသည့် စာထဲတွင် ဌာနတွင်း တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအနေဖြင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး သတင်းအချက်အလက် ပေးသည်ကို ပြည်သူ့ဘက်တော်သားများက "ဖရဲသီး"ဟု ခေါ်ဆိုကြခြင်းမှာ အမွှန်းတင်သလို ဖြစ်နေသည့်အတွက် "လောက်ကောင်"ဟုသာ သုံးနှုန်း ခေါ်ဆိုရန် ညွှန်ကြားထားခြင်းဖြစ်သည်။

အလားတူ CDM များနှင့် ပတ်သက်၍လည်း သစ္စာမဲ့ဝန်ထမ်းအဖြစ် DCS ( Disloyalty Civil Servant )ဟု သုံးနှုန်းခေါ်ဆိုရန်လည်း ညွှန်ကြားထားသည်ဟု သိရသည်။

" ၈ လပိုင်း ၃၀ ရက်နေ့က ဌာနဆိုင်ရာအသီးသီးကို လျှို့ဝှက်ညွှန်ကြားထားတာ။ ဒီလို စာက ညွှန်စရာမှ မလိုတာ။ တကယ့် ဟာသပဲ။ ဘာအဓိပ္ပာယ်မှလည်း မရှိဘူး။ လက်ရှိ ဝန်ထမ်းတွေကလည်း ညွှန်ကြားစာထဲကလို လောက်ကောင်တွေ DCS တွေ ခေါ်နေမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ ဒါဟာ အလကားအပိုလုပ်တာလို့ပဲ မြင်တယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ဆောင်နိုင်သော်လည်း ဌာနတွင်း သတင်းများကို ဆန့်ကျင်ဘက် အဖွဲ့အစည်းများထံ သတင်းပေးနေသူများကို ပြည်သူ့ဘက်တော်သားများ နှင့် တော်လှန်ရေးအဖွဲ့အစည်းများက ၎င်းတို့အား အပြင်ပိုင်းတွင် စိမ်းနေသော်လည်း အတွင်းပိုင်းတွင် ရဲရဲနီသည့် သွေးပမာ သတ္တိရှိသည့်အတွက် ဖရဲသီး ဟု တင်စားခေါ်ဆိုကြခြင်းကို စစ်ကောင်စီက မနာလိုဝန်တို ဖြစ်နေကြခြင်း ဖြစ်၍ ယခုလို ပြောင်းလဲ ခေါ်ဆိုခိုင်းခြင်း ဖြစ်သည်။

"ကျွန်တော်လည်း အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်ပေမဲ့လည်း တဖက်တလမ်းက ပါဝင်တဲ့အနေနဲ့ အတွင်းသတင်းတွေကို ပေးဖြစ်တယ်။ တချို့ ဝန်ထမ်းတွေလည်း ပြည်သူဘက်လည်း မပါ၊ ဒီဘက်လည်းမပါနဲ့ စကစ က ခိုင်းတာကိုပဲ မလုပ်ချင်ဘူး။ တတ်နိုင်တဲ့ဘက်က ပါဝင်ချင်တယ်။ အဲ့အတွက် ဖရဲသီးပဲ ခေါ်ခေါ် လောက်ကောင်ပဲ ခေါ်ခေါ် ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်နေမှာပဲဗျ။ စကစ ကတော့ သိတဲ့အတိုင်း အလကားနေရင်း တွေးကြောက်နေတာ"ဟု နေပြည်တော် ဌာနတွင်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ဌာနတွင်း အောက်ခြေမှ အထက်ဌာနအဆင့်ဆင့်သို့ ကြေးနန်း ပေးပို့ရာတွင် အချို့ကြေးနန်းများတွင် "သတင်းပေးကြောင့်" အစား "ဖရဲသီးတွေကြောင့်"ဟု သုံးနှုန်းသည်များ ပါရှိသလို CDM များနှင့် ပတ်သက်၍လည်း ကြေးနန်းများတွင်  CDM ဟု စာလုံး သုံးနှုန်းလာသည့်အတွက်လည်း ယခုလို ဌာနအဆင့်ဆင့်ကို ညွှန်ကြားခြင်း ဖြစ်သည်ဟုလည်း သိရသည်။