ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ မန်တုံမြို့တွင် TNLA က သိမ်းပိုက်ထားသည့် မြို့(၇)မြို့တွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် သင်တန်းသားများကို (၄)လကြာ သင်တန်းပေးမည်ဖြစ်ကြောင်း TNLA ထံမှ သိရသည်။
TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မန်တုံမြို့တွင် တရားဥပဒေစိုးမိုးရေးသင်တန်း အပတ်စဉ် (၅) ကို ၂၀၂၄ ခုနှစ် ဇွန်လ(၃) ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ သင်တန်းသား (၁၅၀)ဦး တက်ရောက်သည်ဟု ဆိုသည်။
သင်တန်းဖွင့်ပွဲသို့ TNLA ၏ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြိရ်၊ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ မန်တုံမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ် ဖများနှင့် သင်တန်းသားများ အပါအဝင် လူဦးရေ (၂၀၀)ခန့် တက်ရောက်သည်ဟု သိရသည်။
သင်တန်းတက်ရောက်ပြီးစီးပါက သင်တန်းသားများသည် မြို့နယ်အလိုက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်သည်ဟု သိရသည်။
PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနေဖြင့် ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး သင်တန်းများ ဖွင့်လှစ်ခဲ့ရာ အပတ်စဉ်(၄)အထိ သင်တန်းသူ၊ သင်တန်းသား (၂၀၀)ကျော် သင်တန်းဆင်းပြီဖြစ်ပြီး မြို့နယ် (၇)မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တာ၀န်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်မှ မိုင်းလုံ၊ မိုင်းငေါ့ စသည့်မြို့များကို သိမ်းပိုက်ထားသည်။
တအာင်းဒေသကို TNLA အုပ်ချုပ်ပြီးနောက်ပိုင်း အခြေခံစစ်ဆင်သင်တန်းကျောင်းမှ တပ်သားသစ် တစ်ထောင်ကျော် သင်တန်းဆင်းလာကြောင်း မေလ(၂၃)ရက်နေ့တွင် ဖော်ပြထားသည်။
#TachileikNewsAgency
Photo: PSLF/TNLA News